
ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကြီးရဲ့ အမျိုးသားဖိုင်နယ်ပွဲစဉ်မှာ စပိန်နိုင်ငံသား ကားလို့စ် အယ်လ်ကာရက်ဇ်က အီတလီကစားသမား ဂျန်းနစ်ခ် ဆင်းနားနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမား ၂ ယောက်ကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်တဲ့အလျောက် အသက် ၂၂ နှစ်အရွယ် အယ်လ်ကာရက်ဇ်နဲ့ ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဆင်းနား တို့ရဲ့ ဖိုင်နယ်ပွဲစဉ်ဟာ အချိန် ၅ နာရီနဲ့ ၂၉ မိနစ်အထိ ကြာမြင့်ခဲ့ပါတယ်။
ဒါဟာ ပြင်သစ်အိုးပင်း သမိုင်းတလျှောက် အချိန်အကြာဆုံး ဖိုင်နယ်ပွဲစဉ်အဖြစ် စံချိန်တင်ခဲ့သလို ၂၀၀၀ ပြည့်နှစ်ဖွား ထိပ်တန်းကစားသမား ၂ ယောက်ရဲ့ ဂရန်းဆလမ်း ဖိုင်နယ်အဆင့်မှာ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရမှုလည်း ဖြစ်လာခဲ့ပါတယ်။
လက်ရှိချန်ပီယံ အယ်လ်ကာရက်ဇ်ဟာ ၂ ပွဲဆက် ရှုံးနိမ့်နေရာကနေ တကျော့ပြန်လာနိုင်ခဲ့တာ ဖြစ်ပြီး ၃ ပွဲဆက် ပြန်အနိုင်ယူကာ ချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
အခုလိုမျိုး အဓိကပြိုင်ပွဲကြီးတွေကို တင်းနစ်လောကရဲ့ ကြီး ၃ ကြီးဖြစ်တဲ့ နိုဗက်ခ် ဂျိုကိုဗစ်၊ ရာဖေးလ် နာဒယ်နဲ့ ရော်ဂျာ ဖက်ဒရာ တို့ကသာ ဆယ်စုနှစ် ၂ ခုကျော်ကြာ လွှမ်းမိုးထားနိုင်ခဲ့တာပါ။
ဒါပေမဲ့လည်း ဂရန်းဆလမ်းအဆင့် နောက်ဆုံးပြိုင်ပွဲ ၆ ခုမှာတော့ ကမ္ဘာ့အဆင့် ၁ ကစားသမား ဆင်းနားနဲ့ အဆင့် ၂ နေရာမှာရှိနေတဲ့ အယ်လ်ကာရက်ဇ် တို့က ချန်ပီယံအောင်မြင်မှုကို တလှည့်စီ ရထားတဲ့အလျောက် မျိုးဆက်အလှည့်အပြောင်း ဖြစ်လာခဲ့ပြီလို့ ဆိုရမှာပါ။
၂၀၂၃ ပေကျင်းအိုးပင်းပြိုင်ပွဲနောက်ပိုင်း ဆင်းနားက ပွဲစဉ်ပေါင်း ၁၂၁ ပွဲမှာ ၁၀ ပွဲသာ ရှုံးနိမ့်ခဲ့တဲ့အပြင် ဂရန်းဆလမ်း ဖိုင်နယ်အဆင့်ကိုပါ ၃ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
အယ်လ်ကာရက်ဇ် ကတော့ သူလေးစားအားကျခဲ့ရတဲ့ တနိုင်ငံတည်းသား နာဒယ်ရဲ့ ခြေရာအတိုင်း အသက် ၂၂ နှစ်မှာတင် ပဉ္စမမြောက် ဂရန်းဆလမ်း ချန်ပီယံဆုကို အရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အယ်လ်ကာရက်ဇ်ဟာ ဆုဖလားအရေအတွက်ပေါင်း ၂၀ နဲ့ ဆင်းနားထက် တခုအသာ ရထားပေမဲ့လည်း ကမ္ဘာ့အဆင့် ရပ်တည်ချက်မှာတော့ ရမှတ်ပေါင်း ၂,၀၃၀ လောက် ကွာဟနေပါတယ်။
အမျိုးသမီးဖိုင်နယ်ပွဲစဉ်မှာလည်း ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ် အရီနာ ဆာဘယ်လန်ကာကို အမေရိကန်နိုင်ငံသူ ကိုကိုး ဂေါ့ဖ်က ၆-၇(၅)၊ ၆-၂၊ ၆-၄ ရလဒ်နဲ့ အနိုင်ယူကာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။
Source: Reuters