
အင်ဒီယန်းဝဲလ်စ် တင်းနစ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ဗြိတိန်ကစားသမား ဂျက်ခ်ဒရေပါက ဒိန်းမတ်နိုင်ငံသား ဟိုလ်ဂါ ရွန်းကို ၆-၂၊ ၆-၂ ရလဒ်နဲ့ အနိုင်ရကာ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
ဒရေပါဟာ ကမ္ဘာ့အဆင့် ၁၂ နေရာက ရွန်းကို ပွဲစဉ်တလျှောက် လွှမ်းမိုးနိုင်ခဲ့တာကြောင့် အခုလိုမျိုး ၂ ပွဲဆက်တိုက် အနိုင်ရခဲ့တာပါ။
ဒါဟာ အသက် ၂၃ နှစ်အရွယ် ဒရေပါ အတွက် အမြင့်ဆုံးချန်ပီယံဆု ဖြစ်သလို ATP Masters အဆင့် ပြိုင်ပွဲတခုမှာ ပထမဆုံးအောင်မြင်မှုလည်း ဖြစ်ပါတယ်။
အင်ဒီယန်းဝဲလ်စ်ဟာ ATP Masters အဆင့်ပြိုင်ပွဲတခုဖြစ်ပြီး ဂရန်းဆလမ်းပြိုင်ပွဲကြီး ၄ ခုရဲ့အောက် ပဉ္စမမြောက် အရေးကြီးဆုံး ဖြစ်ပါတယ်။
စနေနေ့တုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့် ၃ စပိန်ကစားသမား ကားလို့စ် အယ်လ်ကာ ရက်ဇ်ကို အနိုင်ရပြီးနောက် ဒရေပါဟာ ထိပ်တန်း ၁၀ ယောက်စာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။
ဒါကြောင့် ဗြိတိန်နိုင်ငံရဲ့ နံပါတ်တစ်ကစားသမား ဖြစ်ပေမဲ့လည်း ဒရေပါဟာ တနင်္လာနေ့မှာတော့ ကမ္ဘာ့အဆင့် ၁၄ ကနေ ၇ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒရေပါရဲ့ ပွဲအစပိုင်းမှာတင် ဖိအားပေးကစားတတ်တဲ့ပုံစံကြောင့် တဖက်ပြိုင်ဘက်အတွက် ယုံကြည်မှု လျော့ကျစေတဲ့အပြင် အနားတောင်းရတာမျိုးပါ ရှိခဲ့ပါတယ်။
ဒါ့အပြင် ဒရေပါဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ အစောပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် တိုးတက်မှု နှောင့်နှေးခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပြန်ကြံ့ခိုင်လာခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တုန်းကလည်း ဒရေပါဟာ သူ့ရဲ့ ပထမဆုံး ATP 250 အဆင့် ချန်ပီယံဆုကို စတုဂတ်မြို့မှာ အရယူနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဒရေပါက Masters အဆင့်ပြိုင်ပွဲကို အနိုင်ရခဲ့တဲ့ ၅ ယောက်မြောက် ဗြိတိန်ကစားသမား ဖြစ်လာခဲ့ပါတယ်။
Source : Reuters