
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဆူးကလီးတိုက်နယ်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ် ထီးကပလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်က ဇွန် ၉ ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အဆိုပါစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့် အခြေချ စခန်းထိုင်နေပြီး စခန်းအတွင်းမှာ ရိက္ခာတနှစ်စာ သိုလှောင်ထားတဲ့နေရာကို KNLA ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်နေပါတယ်။
မြန်မာ-ထိုင်းနယ်စပ်နဲ့ တမိုင်ကျော်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ခြံစည်းရိုးအနီးမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် စခန်းသိမ်းရာမှာ အခက်အခဲတွေရှိနေလို့ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာလို့ တိုက်ပွဲအတွင်း ပါဝင်တဲ့ တပ်မှူးတယောက်က ပြောပါတယ်။
KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ထီးကပလယ် စစ်ကောင်စီတပ်စခန်းကို ရက်အနည်းငယ်အတွင်း သိမ်းဆည်းနိုင်ဖွယ်ရှိတယ်လို့ စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။