
ငလျင်ဘေးဒဏ်ကို ခံစားနေရတဲ့ အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေ လာရောက်လှူဒါန်းကြပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အကူအညီလိုအပ်သူတွေကို မှန်မှန်ကန်ကန် ပေးဝေတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးဒေသဟာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ပြည်သူ အယောက် ၁၀၀ ကျော်သေဆုံးရတဲ့အပြင် နေအိမ်ပေါင်း ၂၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ပြိုကျပျက်စီးခဲ့ရတဲ့ နေအိမ်တွေနဲ့ ယိုင်နဲ့သွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် ပြည်တွင်း ပြည်ပ အလှူရှင်တွေက ငွေသားနဲ့ အသုံးအဆောင်ပစ္စည်းတွေ လာလှူဒါန်းချိန်မှာ ကျေးရွာတချို့က မှန်မှန်ကန်ကန် လုပ်ပေးပေမဲ့ ကျေးရွာကြီးတချို့မှာ အုပ်ကြီးတွေက သူတို့နဲ့ ဆွေမျိုးတွေကိုပဲပေးပြီး တကယ် ထိခိုက်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေက မရရှိတာတွေလည်း ကြုံတွေ့နေရပါတယ်။
အင်းလေးဒေသခံတယောက်က “အလှူရှင် လာတယ်လို့ အကြောင်းကြားလာတော့ ငါတို့လည်း ပါမှာပေါ့ ဆိုပြီး လိုက်သွားကြတယ်။ အုပ်ချုပ်ရေးမှူးအိမ် ရောက်တော့ ပစ္စည်းတွေ ဝေတဲ့အချိန်ရောက်မှ ကိုယ့်နာမည် မပါလာဘူး။ ဘယ်လိုဖြစ်တာလဲ မေးတော့လည်း ဖြေရှင်းချက် မပေးဘူး။ နောက်အလှူရှင် လာရင် နာမည်စာရင်း ထည့်ထားပေးမယ် ဆိုပြီးတော့ ပြောတယ်။ ဒါပေမဲ့ နောက်ထပ် ထပ်သွားတဲ့အချိန်မှာ အဲဒီလိုမျိုးလည်း မပါလာဘူး။ တကယ်တမ်း ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်တွေက တချို့ကွက်ပြီးတော့ ကျန်နေတာပေါ့နော်။ ရတဲ့သူတွေ ဆိုရင်လည်း ထပ်နေအောင်ရတာ၊ မပါတဲ့သူတွေက လုံးဝမပါဘူး။ ခံစားရတာကတော့ စိတ်ထဲမှာ ကသိကအောက်ဖြစ်တာပေါ့နော်။ ရွာတိုင်းနီးပါး ပြဿနာတော့ ကြားနေရပါတယ်”လို့ ပြောပါတယ်။
အင်းလေးက ကျေးရွာ ၅ ရွာ ၆ ရွာလောက်မှာ အုပ်ကြီးတွေက မျှတမှုမရှိဘဲ သူနဲ့ နီးစပ်ရာက လူတွေတော့ ထပ်ကာထပ်ကာ ရနေပေမဲ့ တကယ်ပျက်စီးသွားရသူတွေက မရရှိတာတွေ ကြုံနေရတာပဲ ဖြစ်ပါတယ်။
ဆန်၊ ဆီ နဲ့ အသုံးအဆောင်တွေဆိုရင် နည်းနည်းတော်သေးပေမဲ့ အိမ်တွေပြန်ဆောက်ဖို့ ငွေသားနဲ့ လာကူကြတာမျိုးဆိုရင် ပိုဆိုးတယ်လို့ ဒေသခံက ပြောပါတယ်။
“အဖွဲ့အစည်းက လှူဒါန်းထားတဲ့ ပစ္စည်းတွေဖြစ်စေ၊ အလှူငွေတွေဖြစ်စေ အဲလိုစာရင်းဆို လက်ခံပြီးရင် ပြန်လည်မျှဝေချိန်မှာ အားလုံးသိအောင် ဖော်ပြ ရှင်းပြပေးရမှာလေနော်။ ကိုယ့်ရပ်ကိုယ့်ရွာအတွက်ဆိုတော့ သူတို့ လုပ်ပေးသင့်တယ်လို့ ထင်တယ်။ အဖွဲ့အစည်းအနေနဲ့ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့တွေ လာလှူတယ်။ UNICEF တို့ WFP တို့ အဲ့လိုမျိုး လာလှူတဲ့အချိန်မှာ စာရင်းတင်ရတဲ့ အချိန်မှာ စာရင်းတွေက မကောက်ဘဲနဲ့ သူတို့ဆီမှာ ဘယ်လိုလုပ်ပြီးတင်လိုက်လဲ မသိဘူး။ ရွာထိဆင်းကောက်တာမျိုးတွေ မတွေ့ရဘူးဗျ။ ဘယ်သူက ဘယ်လိုလုပ်ပြီးတင်တာလဲ မသိရဘူး။ သူတို့ စိတ်ကြိုက်လုပ်နေတဲ့ သဘောပေါ့နော်။”
ပြန်လည်ထူထောင်ရေးအတွက် အိမ်တွေဆောက်တဲ့အခါ ဝါးထရံအိမ်တလုံးကို ကျပ် သိန်း ၃၀ ကနေ သိန်း ၅၀ အထိ ကုန်ကျပြီး နဂိုမူလအတိုင်း ပြန်လည်ဆောက်လုပ်တဲ့ အိမ်တွေဆိုရင် သိန်း ၂၀၀ ကနေ သိန်း ၃၀၀ ကျော်အထိ ကုန်ကျတယ်လို့ သိရပါတယ်။
ခုလက်ရှိမှာလည်း ကုန်ဈေးနှုန်းက တရက်ပြီးတရက် တက်လာနေတာကြောင့် နေအိမ် ပြန်ဆောက်ရသူတွေအတွက် အခက်အခဲတွေလည်း ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။
နှင်းနှင်း