DVB Logo
Home
နိုင်ငံတကာ
အယ်လ်အေ မငြိမ်သက်မှု ထရမ့်ပ် ဖန်တီးဟု ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး စွပ်စွဲ
DVB
·
June 9, 2025
အယ်လ်အေ မငြိမ်သက်မှု ထရမ့်ပ် ဖန်တီးဟု ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး စွပ်စွဲ
Donate to DVB

လော့စ်အိန်ဂျလိစ်မြို့မှာ ဆန္ဒပြမှုတွေကနေ မငြိမ်မသက်ဖြစ်စေဖို့ အခြေအနေတွေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖန်တီးခဲ့တာလို့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဇမ်းက ဝေဖန်လိုက်ပါတယ်။

ပြည်ထောင်စုအစိုးရကို တရားစွဲသွားမယ်လို့လည်း နယူးဇမ်းက NBC ရုပ်သံကို ပြောကြားခဲ့ပြီး တရားဝင်ကန့်ကွက်လွှာလည်း ပေးပို့ထားပြီး ဖြစ်ပါတယ်။

အမျိုးသားအစောင့်တပ်ကို စေလွှတ်တာဟာလည်း “ဖန်တီးထုတ်လုပ်ထားတဲ့ အကျပ်အတည်း” တရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး တရားမဝင်တဲ့ လုပ်ရပ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အမေရိကန်ရွှေ့ပြောင်းနဲ့ အကောက်ခွန်ကြီးကြပ်ရေး ညွှန်ကြားရေးမှူး တွမ်ဟောမန်းက  ပြည်နယ်အုပ်ချုပ်ရေးမှူးကိုပါ ဖမ်းလို့ရတယ်လို့ ခြိမ်းခြောက်ခဲ့အပြီးမှာတော့ နယူးဇမ်းက “တွမ်ရေ၊ ကျုပ်ကိုဖမ်းလေ၊ လုပ်လိုက်စမ်းပါ” လို့ စိန်ခေါ်ခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေး ဆောင်ရွက်မှုတွေကို ဝင်စွက်ရင် ပြည်နယ်နဲ့ ဒေသတာဝန်ရှိသူတွေကိုပါ ပြည်ထောင်စုအဆင့်မှာ တရားစွဲမယ်လို့ ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။

ဒါတွေဟာ သမ္မတ တယောက်ရဲ့ လုပ်ရပ်မဟုတ်ဘဲ အာဏာရှင်တယောက်ရဲ့ လုပ်ရပ်မျိုးလို့လည်း လူမှုကွန်ရက် X မှာ နယူးဇမ်းက ရေးသားထားပါတယ်။

လော့စ်အိန်ဂျလိစ် (အယ်လ်အေ) မြို့တော်ဝန်ကလည်း ထရမ့်ပ်ရဲ့ လုပ်ရပ်ဟာ မီးထိုးပေးရာ ရောက်တယ်လို့ ဝေဖန်ထားပါတယ်။

ဇွန် ၈ ရက်က အယ်လ်အေမြို့လယ်ခေါင်ကို တရားမဝင် စုဝေးတဲ့နေရာအဖြစ် ကြေညာထားပါတယ်။

ရဲတွေက လူအုပ်ကြီးကို မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ၊ flash-bangs တွေသုံးပြီး လူစုခွဲတဲ့ ဗီဒီယိုတွေ ပေါ်ထွက်လာပါတယ်။ လူ ၂၇ ယောက်ထက်မနည်း ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

ဆန္ဒပြသူတွေက ဂူးဂဲလ်ရဲ့ Waymore မောင်းသူမဲ့ကား အနည်းဆုံး ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ထရမ့်ပ်က ပြည်ထောင်စုအမှုထမ်းတွေနဲ့ ပြည်ထောင်စုပိုင်ပစ္စည်းတွေ ကာကွယ်ဖို့ အကြောင်းပြချက်နဲ့ အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့ဝင် ၃၀၀ လောက် စေလွှတ်ထားပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာအတွင်း ပြည်နယ်ဘက်က အကူအညီ မတောင်းခံဘဲ၊ ပြည်နယ်သဘောတူညီချက်မရဘဲ အမျိုးသားအစောင့်တပ်ကို သမ္မတက စေလွှတ်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ မရိန်းတပ်ဖွဲ့ဝင် ၅၀၀ စေလွှတ်ဖို့လည်း အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေက အင်အားသုံး ဖမ်းဆီးရာကနေ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို ခွင့်ပြုပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ ပြည်နယ်အစိုးရနဲ့ လော့စ်အိန်ဂျလိစ်မြို့ရဲတပ်ဖွဲ့ (LAPD) က ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်က အမျိုးသားအစောင့်တပ်တွေ စေလွှတ်တာ၊ အင်အားသုံးဖြေရှင်းဖို့ ကြေညာခဲ့တာ၊ ဖမ်းဆီးမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့တာတွေကြောင့် အခြေအနေတွေ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013