DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားတော်လှန်ရေးတပ်များ ဘုံသဘောတူညီချက်ရှိရန် လိုအပ်
DVB
·
June 9, 2025
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားတော်လှန်ရေးတပ်များ ဘုံသဘောတူညီချက်ရှိရန် လိုအပ်
Donate to DVB

ရှမ်းပြည်နယ်အတွင်းမှာရှိကြတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေကြားမှာ ခိုင်မာတံ့ ဘုံသဘောတူညီချက်မရှိရင် စစ်တပ် ကင်းစင်သွားခဲ့ရင်တောင် တိုက်ပွဲတွေက ဆက်ရှိနေဦးမယ်လို့  စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

အာဏာသိမ်းစစ်တပ်ဆီက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို သိမ်းပိုက်အနိုင်ရရှိတဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဘက်က သူတို့တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ အစားထိုးဖို့ ဆောင်ရွက်တဲ့အခါမှာ ဒေသတွင်းမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားတပ်တွေ အချင်းချင်းကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြသလို လူထုတွေရဲ့ ဆန့်ကျင်မှုတွေပါ ရှိခဲ့ပါတယ်။

ဒါတွေဟာ ရှမ်းပြည်နယ်အတွင်းမှာ ရှိနေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြားက မရှင်းလင်းတဲ့ နယ်မြေသတ်မှတ်မှုတွေကြောင့် ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပြီး ဒါတွေကို မဖြေရှင်းနိုင်ရင် ရှမ်းပြည်နယ်မှာ စစ်တပ် ကင်းစင်သွားခဲ့ရင်တောင် သေနတ်သံတွေက တိတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဝါရင့်ရှမ်းနိုင်ငံရေးသမားတယောက်ကတော့ ရှမ်းပြည်နယ်အတွင်းမှာ သေနတ်ကိုင်ပြီး အုပ်ချုပ်နေတဲ့သူတွေက လူနည်းစုဖြစ်ပြီး အုပ်ချုပ်ခံနေရတဲ့သူတွေက လူအများစုဖြစ်တာကြောင့် လူထုက အုပ်ချုပ်တဲ့ ဥပဒေမဟုတ်ဘဲ စစ်ဥပဒေနဲ့ အုပ်ချုပ်နေသမျှ ပဋိပက္ခတွေဖြစ်နေဦးမှာလို့  ပြောပါတယ်။

“သီပေါနဲ့ ကျောက်မဲ ဆိုရင် ရှမ်းတွေပဲ နေတဲ့နေရာတွေ၊ အဲဒီနေရာကို ဘယ်သူက အုပ်ချုပ်မလဲ၊ အခု TNLA တို့ MNDAA တို့ ရှမ်းမြောက်မှာ နယ်မြေတွေ သိမ်းပိုက်နိုင်တယ် ဆိုတာက အဲနေရာတွေမှာ ရှိနေတဲ့ စစ်တပ်ရဲ့ တပ်တွေကိုပဲ တိုက်နိုင်တာ၊ အဲဒီဒေသတွေမှာ အရင်ကတည်းက ရှိနေတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေကို တိုက်နိုင်တာ မဟုတ်ဘူး။ အဲဒီတပ်တွေက အဲဒီနေရာတွေမှာ ဆက်ပြီးရှိနေဆဲပဲ။ ဒါကြောင့် ပွတ်တိုက်မှုတွေရှိနေတာ အလုံးစုံ နိုင်ချင်ရင်တော့ အဲဒီမှာရှိနေတဲ့ ရှမ်းတပ်တွေကိုပါ နိုင်အောင်တိုက်မှရမယ်၊ တိုက်ပြီဟေ့ ဆိုရင်လည်း တိုင်းရင်းသားတပ်တွေ အချင်းချင်းကြားမှာ တိုက်ပွဲတွေ ဖြစ်မှာပဲ။”

ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေအငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အခါမှာ လူထုထောက်ခံမှုနဲ့ ပြုလုပ်ပြီး မဟာမိတ်အဖွဲ့တွေကြား ဆွေးနွေးအဖြေရှာမယ့် မူတခု ရှိဖို့ လိုအပ်တယ်လို့ ပထမအကြိမ် လွှတ်တော်ကိုယ်စားဟောင်းတယောက်က မှတ်ချက်ပြုပါတယ်။

အဲဒီလိုမလုပ်ဘဲ နယ်မြေအငြင်းပွားမှုတွေ ခဏခဏဖြစ်နေရင် လက်နက်ကိုင်ပဋိပက္ခကနေတဆင့် ပြိုကွဲရေးဆီကို ဦးတည်သွားနိုင်သလို ဘုံရန်သူကို ဦးတည်တိုက်နေရာကနေ ဘုံရန်သူရဲ့ သပ်လျှို ဖြိုခွဲတာကို ခံရပြီး တော်လှန်ရေး ကျဆုံးသွားနိုင်တယ်လို့လည်း ထောက်ပြပါတယ်။

ရှမ်းပြည်နယ်ဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ အများအပြားရှိနေတဲ့ ပြည်နယ် ဖြစ်သလို သတ်မှတ်နယ်မြေ အငြင်းပွားမှုတွေကို ဖြေရှင်းကြတဲ့နေရာမှာ လက်နက်ကိုင်ပြီး မဖြေရှင်းဘဲ ဒေသခံလူထုရဲ့ သဘောဆန္ဒနဲ့ သမိုင်းကြောင်း အထောက်အထားတွေကို မေ့မထားဖို့ လိုတယ်လို့ ကချင်ဝါရင့်နိုင်ငံရေးသမားတယောက်က ပြောပါတယ်။’

လူမျိုးအလိုက် နယ်မြေပိုင်းခြားထားတာ စနစ်တကျ မရှိတာကြောင့် အရင်ကတည်းက ရှုပ်ထွေးနေတဲ့ ရှမ်းပြည်နယ်ရဲ့ နယ်မြေသတ်မှတ်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေထိန်းချုပ်မှုတွေ ရှိလာပြီး အုပ်ချုပ်မှု တည်ဆောက်ကြတဲ့အခါမှာ အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်းကြား ပဋိပက္ခတွေ ဖြစ်လာတာလို့ ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

ဒီရှုပ်ထွေးမှုတွေဟာ ဆက်ပြီးရှိနေဦးမှာ ဖြစ်သလို တရုတ်နိုင်ငံရဲ့ ရှမ်းပြည်နယ်အရေး ဝင်ရောက် လွှမ်းမိုးမှုနဲ့ ရှမ်းပြည်နယ်အတွင်းမှာရှိနေတဲ့ အင်အားကြီး ရှမ်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း ၂ ခုကြားက မတူညီတဲ့ စစ်ရေး၊ နိုင်ငံရေး သဘောထားတွေကြောင့်လည်း ပိုမိုရှုပ်ထွေးလာတာလို့  ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဘက်ကတော့ သူတို့ ထိန်းချုပ်နယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ KIA တပ်ဖွဲ့ကြားက ပဋိပက္ခတွေကို သက်ဆိုင်ရင် တာဝန်ရှိသူတွေကနေတဆင့် ဖြေရှင်းနေတယ်လို့ ပြောပေမဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ SSPP/SSA အဖွဲ့တွေဖြစ်နေတဲ့ ပဋိပက္ခတွေကိုတော့ DVB အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း တာဝန်ရှိသူတွေကို မေးမြန်းလို့ မရသေးပါဘူး။

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013