
မြန်မာနိုင်ငံက တိုင်းရင်းသား လူနည်းစုတွေအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံတွေကို ရှာဖွေဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက မြန်မာစစ်အာဏာရှင် အစိုးရကို တိုက်တွန်း ပြောလိုက်ပါတယ်။
တရုတ်အထူးကိုယ်စားလှယ်ဟာ နေပြည်တော်မှာ ကျင်းပနေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားဖွင့်ပွဲမှာ ပြောဆိုခဲ့တာပါ။
တိန့်ရှီကျွင်းက “မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နှစ်ဖက်စလုံးအနေနဲ့ သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ တိုင်းရင်းသား လူနည်းစုတွေအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေကို ရှာဖွေဖို့နဲ့ ဆွေးနွေးပွဲတွေကနေတဆင့် သင့်တော်တဲ့ အဖြေတွေကို ရှာဖွေဖို့ မျှော်လင့်ပါတယ်” လို့ ထည့်သွင်း ပြောဆိုခဲ့တာပါ။
ဒါဟာ မြန်မာ့ပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်တွေကို တရုတ်နိုင်ငံက ဗဟိုပြု ဝင်ရောက်စွက်ဖက် ညွှန်ကြားနေတာလို့ ပြည်တွင်းငြိမ်းချမ်းရေးအကဲခတ်တယောက်က မှတ်ချက်ပြုပါတယ်။
လက်ရှိမှာလည်း ကိုးကန့်နဲ့ တအာင်းအဖွဲ့တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပေးထားချက်နဲ့ ပိုမိုရလိုတဲ့ သဘောထားနဲ့ စစ်အုပ်စုရဲ့ နေပြည်တော်ကို တောင်းဆိုနေတာနဲ့ ကြိုးပမ်းတာတွေ လုပ်နေကြပါတယ်။
အခြေခံဥပဒေ၊ နယ်မြေပိုင်းခြားသတ်မှတ်မှုနဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သတ်မှတ်ရေး ပုံစံတွေဟာ မြန်မာနိုင်ငံရဲ့ သီးသန့် ပြည်တွင်းရေးရာ အချုပ်အခြာအာဏာပိုင် ကိစ္စရပ်တွေ ဖြစ်ပေမဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်ရဲ့ အခုလို ဗဟိုကျတဲ့ နိုင်ငံရေး ပုံစံတွေအပေါ် လမ်းညွှန်ချက်ပေးသလို ပြောဆိုမှုဟာ ပထဝီနိုင်ငံရေးအရ ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ပြည်တွင်းငြိမ်းချမ်းရေးအကဲခတ် ၃ ယောက်ထက်မနည်းက ရှုမြင်ပါတယ်။
“အဆင့်မြင့်ပုံစံဆိုတာ ဘယ်လိုမျိုးလဲ။ အခု ‘ဝ’ လိုမျိုး ကိုယ့်စစ်တပ်နဲ့ ကိုယ်လား” လို့ အကဲခတ် တယောက်က မေးခွန်းထုတ်လိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ၁၀၂၇ စစ်ဆင်ရေးကာလကတည်းက ကူမင်းမြို့မှာ စစ်အာဏာရှင်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးဆောင်ပြုလုပ်ပြီး ကြားဝင်စေ့စပ်ပေးခဲ့သူအဖြစ် ရပ်တည်ပေးနေသူဖြစ်ပြီး လားရှိုးနဲ့ မိုးကုတ် အပါအဝင် မိုးမိတ်ဒေသတွေကို စစ်တပ်ပြန်ရရေး ဖိအားပေးခဲ့ပါတယ်။
နောက်ထပ် အကဲခတ်တချို့က အခု တရုတ်ကိုယ်စားလှယ်ရဲ့ ပြောကြားချက်က မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ တရုတ်နိုင်ငံရဲ့ စွက်ဖက်မှု ပိုမိုနက်ရှိုင်းလာနေတဲ့ မီးမောင်းထိုးပြချက်လို့ ပြောဆိုပါတယ်။











