
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ ရဲတပ်ဖွဲ့ဝင်ဟာ မနေ့ ဇွန် ၈ ရက် မနက် ၉ နာရီလောက်က ရန်ကုန်-မော်လမြိုင်ကားလမ်းနဲ့ မြို့ရှောင်လမ်းဆုံအနီးမှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးနေစဉ် မော်တော်ဆိုင်ကယ် မောင်းလာပြီး ဦးထုပ်ဆောင်းထားတဲ့ လူလတ်ပိုင်းရွယ် အမျိုးသားတယောက်က ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ရဲက အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ ပစ်ခတ်သွားသူက ဆိုင်ကယ်နဲ့လာတာ။ ရဲကိုပစ်ပြီးဆို မောင်းပြေးသွားတာ” လို့ ပြောပါတယ်။
အဲဒီ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဝင်းကြိုင် ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင် ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်က ကျိုက်ထိုမြို့ရဲ့ အဝင်အထွက်နေရာတွေမှာ ရဲတပ်ဖွဲ့နဲ့ပေါင်းကာ ပိတ်ဆို့စစ်ဆေးနေပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အခုနှစ် ဧပြီ ၂ ရက်က ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ အသက် ၂၀ အရွယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင် မောင်သီဟစိုးဟာ နေအိမ်အတွင်းရှိနေစဥ် သေနတ်သမား ၂ ယောက် ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၄ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာ သုသာန်အနီးမှာ စစ်ကောင်စီရဲ့ အမာခံ တပ်ထောက်ခံသူ ဦးကျော်အောင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
မတ် ၂၃ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ ခမိတ်ကျေးရွာနဲ့ ကြာဖြူကျေးရွာကြား ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး ရော်ဘာခြံအနီးမှာ ကျိုက်ထိုမြို့နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က တပ်ဖွဲ့ဝင် ၃ ယောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး အရာရှိ ၂ ယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မတ် ၂၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာနေ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးကော်မတီဝင် ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးစိုးမင်းဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။