
ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထားတဲ့ မြို့တွေထဲက သိန္နီမြို့ကို အာဏာသိမ်းစစ်ကောင်စီဆီကို စက်တင်ဘာလထဲမှာ ပြန်လည်လွှဲအပ်ပေးဖို့ နှစ်ဖက်ဆွေးနွေးမှုအရ သဘောတူထားတာ ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA က သူတို့ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုလည်း တရုတ်နိုင်ငံရဲ့ ဖိအားပေး တိုက်တွန်းမှုကြောင့် အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်ပေးအပ်ခဲ့ပြီး စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ထဲကို ဧပြီ ၂၂ ရက်မှာ ဝင်ရောက်နေရာယူခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်က တရုတ်ကြားဝင်မှုနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ဆွေးနွေးတဲ့အခါမှာ ကိုးကန့်တပ်ဖွဲ့ တောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သတ်မှတ်ထားတဲ့ နယ်မြေအတိုင်းသာ လက်ခံဖို့ ဆွေးနွေးခဲ့တာဖြစ်ပြီး ကုန်းကြမ်းမြို့နယ်နဲ့ လောက်ကိုင်မြို့နယ်ကလွဲပြီး ကျန်သိမ်းပိုက်ထားတဲ့မြို့တွေကို ပြန်ပေးဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
MNDAA ဘက်က အဲဒီတောင်းဆိုချက်အပေါ် လိုက်လျောခဲ့သလား ဆိုတာကို DVB သတင်းဌာနရဲ့ သတင်းအရင်းအမြစ်က မပြောပေမဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ အာဏာသိမ်းစစ်ကောင်စီ ဆွေးနွေးစဉ်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါတဲ့ နယ်မြေသတ်မှတ်မှုတွေအတိုင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
အောင်သူ