
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြေးအဘိုး ၂ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဇွန် ၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ သရက်ချောင်းမြို့နယ်ရှိ ကျောက်အိုင်ရွာနဲ့ မယ်ကဲရွာကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒေသခံတယောက်က “ပထမတလုံးက မယ်ကဲမှာကျတယ်။ ဒုတိယတလုံးက ကျောက်အိုင်ရွာမှာ နေအိမ်တလုံး နံဘေးနားမှာ ကျတာ။ ကျောက်အိုင်ရွာမှာက နေအိမ်တလုံး ပျက်စီးပြီး မြေးအဘိုး ၂ ဦး ဆုံးသွားတယ်။ ၇ ဦး ထိခိုက်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
ကျောက်အိုင်ရွာကျတဲ့ ဗုံးသီးကိုတော့ ပေါင် ၅၀၀ ဗုံးသီးလို့ မြေပြင်အခြေအနေ သိရှိသူတွေက အတည်ပြု ပြောဆိုပါတယ်။
ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ တနင်္သာရီတိုင်းအတွင်း တပ်စခန်းတွေ အသိမ်းခံနေရချိန်နဲ့ တိုက်ခိုက်ခံနေရချိန်တွေမှာ စစ်ကောင်စီက လေကြောင်းပစ်ကူကို ဧပြီလလောက်ကစပြီး အကြီးအကျယ် အသုံးပြုလာတယ်လို့ FE5 Tanintharyi ရဲ့ အပြန်အလှန် ထိုးစစ်ကြားက တနင်္သာရီအစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။