
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက သဘာဝဘေးဒဏ်သင့်နေတဲ့ ပိတိုင်ရွာကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၁ ရက် ညနေပိုင်းမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
မနေ့ ညနေ ၃ နာရီဝန်းကျင်လောက်မှာ စစ်တပ်က ပိတိုင်ရွာကို မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ K8W အမျိုးအစား ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ပေါင် ၂၅၀ ဗုံးကို အသုံးပြုခဲ့ပြီး ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ကာ ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ PDF ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။
PDF ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “ထိခိုက်ပျက်စီးမှုကိုတော့ အတည်ပြုဖို့ ခက်ခဲပါသေးတယ်။ လုံခြုံရေးအရ စစ်ဆေးဖို့ ခက်ခဲနေသေးလို့ပါ” လို့ ပြောပါတယ်။
လက်ရှိ သရက်ချောင်းမြို့နယ်ထဲမှာ ပဲဒက်ကနေ စုံစင်ဖျားအထိ သဘာဝဘေးဒဏ် ခံစားနေရပြီး တရွာလုံး ရေမြုပ်တာ အပါအဝင် နေအိမ်တွေ၊ ဥယျာဥ်ခြံတွေ၊ လမ်းနဲ့ တံတားတွေ ပျက်စီးတာ ကြုံနေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
သရက်ချောင်းမြို့နယ်ထဲရှိ မြေပြင်မှာလည်း စစ်တပ်ဘက်က စစ်ကြောင်းထိုးနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကူညီဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကျနော်တို့ လာတဲ့အချိန်မှာ မြေပြင်မှာလည်း စစ်တပ် ဘက်က စစ်ကြောင်းထိုးတာတွေ ရှိနေတာကြောင့် တော်လှန်ရေးတပ်ဘက်က ကျနော်တို့ကို ပြန်လှည့်ခိုင်းတာတွေ ရှိတယ်။ သိပ်မကြာဘူး လေယာဥ်နဲ့ ဗုံးကြဲတာပဲ။ အခြေအနေတွေက ရှုပ်နေသေးတယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က ကယ်ဆယ်ရေးအဖွဲ့တွေကို အသုံးချပြီး ရောနှောလိုက်ပါလာမှာကို တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက စိုးရိမ်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ စစ်တပ်နဲ့ ပတ်သက်တာ တွေ မပါဘဲ နစ်နာနေတဲ့ လူထုကို ကူညီပေးဖို့အတွက်ဆိုရင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက် သွားမယ်လို့ PDF ထားဝယ်ခရိုင် တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ လူထု ထပ်မထိခိုက် မနစ်နာစေဖို့ တိုက်ပွဲတွေကို အတတ်နိုင်ဆုံး ရှောင်သွားမှာဖြစ်ပြီး စစ်တပ်ဘက်က စစ်ကြောင်းတိုးလာရင်တော့ တုံ့ပြန်သွားမှာ ဖြစ်ကာ ဒီအပေါ်မှာလည်း ပြည်သူတွေအနေနဲ့ နားလည်ပေးကြဖို့ PDF ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းက ပြောပါတယ်။










