
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာတာကြောင့် ညတွင်းချင်း တိမ်းရှောင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၈ ရက် ညနေ ၆ နာရီကျော်မှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က တောင်ပို့ကွဲကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့အတွက် အနီးနားက ကျေးရွာပြည်သူတွေလည်း ညတွင်းချင်း တိမ်းရှောင်ကြတာလို့ သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “အခုက ဖယ်ခုံ-ညောင်ရွှေနယ်စပ် တောင်ပို့ကွဲရွာကို စစ်ကြောင်းထိုးလာလို့ အဲဒီနဲ့နီးတဲ့ ရွာသားတွေ စစ်ရှောင်နေကြတာတွေ ရှိပါတယ်။ ဆောင်နန်းခဲရွာပါ။ လွယ်ပေါရွာလည်း တချို့တွေ ရှောင်နေကြတာ ရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ဇွန် ၂ ရက်မှာ အင်အား ၁,၀၀၀ ကျော်နဲ့ ရေပူကျေးရွာဘက်ကို စစ်ကြောင်းထိုး နေရာယူခဲ့ပြီးတဲ့နောက် နောက်ထပ်ကျေးရွာတွေထဲကို စစ်ကြောင်းထပ်ထိုးနေတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းမထိုးခင် လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေလည်း ရှိနေပြီး ဇွန် ၆ ရက်နေ့မှာတော့ စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၁၉ နှစ်အရွယ် ကျောင်းသားတယောက် သေဆုံးခဲ့ရပါတယ်။
ဇွန်လအတွင်း တောင်ပို့ကွဲ၊ ဟိုပန်၊ နန်းပေါ်လုံ၊ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းဆွမ့်၊ ပိန္နဲကုန်း စတဲ့ကျေးရွာတွေကနေ ဒေသခံပြည်သူ ၁,၅၀၀ ကျော်ထက်မနည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။