
တရုတ်နိုင်ငံမှာ ကောလိပ်ဝင်ခွင့် စာမေးပွဲစနစ်နဲ့ အဆင့်မြင့်ပညာရေး အခင်းအကျင်းတွေကို အခုနှစ်အတွင်း သိသာထင်ရှားအောင် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။
စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့က စာမေးပွဲကျင်းပတဲ့ နေရာတနေရာမှာ ကျောင်းသားတွေ စာမေးပွဲခန်းမဆီ ရောက်လာကြပြီး အခုနှစ်မှာ ပြုပြင်ပြောင်းလဲထားတဲ့ စာမေးပွဲစနစ်ကို အသစ်ကျင့်သုံးခဲ့ပါတယ်။
မွမ်းမံထားတဲ့ ပုံစံထဲမှာ မဖြစ်မနေယူရမယ့် အဓိကဘာသာရပ် ၃ ခုဖြစ်တဲ့ တရုတ်၊ သင်္ချာနဲ့ အင်္ဂလိပ်တို့ကို အာရုံစိုက်ထားပြီး အခြေခံရွေးချယ်မှုတရပ်အနေနဲ့ ရူပဗေဒ ဒါမှမဟုတ် သမိုင်းဘာသာရပ်တွေထဲက တဘာသာကို ရွေးရမှာပါ။
ဒါ့အပြင် ထပ်တိုးရွေးချယ်စရာအနေနဲ့ ဓာတုဗေဒ၊ ပထဝီဝင်၊ နိုင်ငံရေးသိပ္ပံနဲ့ ဇီဝဗေဒတို့ထဲက နောက်ထပ် ရွေးစရာ ၂ ဘာသာကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။
ကျောင်းသားတွေအတွက် ပိုကောင်းကောင်း လိုက်လျောညီထွေရှိမှုနဲ့ ကိုယ်တိုင် စိတ်ပါဝင်စားမှု မြှင့်တင်ပေးတဲ့အပြင် ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိမှုတွေကို ကမ်းလှမ်းပေးတဲ့အတွက် အပြောင်းအလဲတွေကို မိဘတွေက ချီးကျူးကြပါတယ်။
ကျောင်းသားမိဘဖြစ်သူ ဝူချောင်ကျန်းက “ကျနော့်သားက သိပ္ပံလမ်းကြောင်းကို ရွေးချယ်ပြီး သင်္ချာဘာသာရပ်မှာ အဓိက သင်ယူချင်ပါတယ်။ ကွန်ပျူတာသိပ္ပံ၊ AI နဲ့ စက်ရုပ်တွေလို နယ်ပယ်တွေကို သူက တကယ်စိတ်ဝင်စားပါတယ်” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်မှာ တရုတ်ပညာရေးဝန်ကြီးဌာနဟာ ဉာဏ်ရည်တု၊ ကာဗွန်မျှခြေနဲ့ ဒစ်ဂျစ်တယ် အုပ်ချုပ်ရေး စတဲ့ အဓိကနယ်ပယ်တွေ ပါတဲ့ ဘွဲ့ကြိုအတွက် အဓိကယူရမယ့် ဘာသာရပ်အသစ် ၂၉ ခုကို မိတ်ဆက်ခဲ့ပါတယ်။
တချိန်တည်းမှာ ချင်းဟွာနဲ့ ပေကျင်းတက္ကသိုလ်တို့ အပါအဝင် ထိပ်တန်းတက္ကသိုလ်တွေဟာ အခြေခံပညာနဲ့ မဟာဗျူဟာမြောက် နယ်နိမိတ် နယ်ပယ်တွေကို အဓိကအာရုံစိုက်ပြီး ဘွဲ့ကြိုစာရင်းသွင်း ခွဲတမ်းတွေကို တိုးမြှင့်ကြေညာခဲ့ပါတယ်။
ချန်ဒူးတက္ကသိုလ် UESTC Experimental School ရဲ့ အမှုဆောင်ကျောင်းအုပ် စွန်းကျုံးဇီက “ကောလိပ်ဝင်ခွင့် စာမေးပွဲအသစ်ဟာ မတူညီတဲ့ ဘာသာရပ်တွေကို ဖြတ်ကျော်ပြီး ကျောင်းသားတွေရဲ့ စွမ်းရည်အလုံးစုံအပေါ်မှာ အမှန်တကယ် အာရုံစိုက်ထားပါတယ်။ အထူးသဖြင့် ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့ အဓိကနယ်ပယ်တွေမှာ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံအတွက် လိုအပ်တဲ့ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှု စွမ်းရည်တွေကို ရွေးချယ်ဖို့ပါ” လို့ ပြောပါတယ်။
စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲမှုတွေက နိုင်ငံရဲ့ တိုးတက်ပြောင်းလဲနေတဲ့ အရည်အချင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံသာမက ပညာရေးနဲ့ ဆန်းသစ်တီထွင်မှုတို့မှာ တရုတ်နိုင်ငံရဲ့ အနာဂတ်အတွက် ပိုခိုင်မာတဲ့ အုတ်မြစ်တွေ ချပေးနေတယ်လို့ တရုတ်အစိုးရမီဒီယာ CCTV သတင်းမှာ ဖော်ပြပါတယ်။
Source: Reuters / CCTV