မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ Sky Villa အဆောက်အဦကို ဖယ်ရှားရှင်းလင်းခြင်းနဲ့ ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်နေရာ ဇွန် ၇ ရက်နေ့က အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က စက်ယန္တရားတွေနဲ့အတူ ရုပ်အလောင်းကျန်ရှိနေတဲ့ မန္တလေးမြို့ Sky Villa အဆောက်အဦ (A) ဆောင်နဲ့ (B)အဆောင်ကို ဖယ်ရှားရှင်းလင်းခြင်းနဲ့ ရုပ်အလောင်းထုတ်ယူနိုင်ရေး လုပ်ဆောင်နေတုန်း (B) အဆောင် Gym ခန်းထဲက အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။
DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ ငလျင်လှုပ်ခတ်ခဲ့ပြီး မေလ ၂၆ ရက်နေ့အထိ စုစုပေါင်းသေဆုံးသူ ၄၄၉၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူကတော့ ၁၁၃၆၆ ယောက်ရှိပါတယ်။