Home
မြန်မာသတင်း
တရုတ်ကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင် သဝဏ်လွှာပို့
DVB
·
June 9, 2025
Photo: Chinese Embassy in Myanmar

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ထောက်ခံပံ့ပိုးပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက တရုတ်အတွက် အရေးကြီးတယ်လို့ စစ်ကောင်စီနဲ့ တရုတ်တို့ အပြန်အလှန် သဝဏ်လွှာပေးပို့ကြပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်တာ ၇၅ နှစ်မြောက်ဖြစ်တဲ့ ဇွန် ၈ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ် သမ္မတ၊ ဝန်ကြီးချုပ်တို့ သဝဏ်လွှာတွေပို့ကြတာလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်က တရုတ်သမ္မတဆီပေးပို့တဲ့စာမှာတော့ အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံကို တရုတ်သမ္မတလာခဲ့တဲ့ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံ‌ရေး စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတို့အပေါ် အခြေခံတဲ့ အေးအတူပူအမျှ တူညီတဲ့အနာဂတ်ကို မျှဝေပိုင်ဆိုင်တဲ့ မြန်မာ-တရုတ် အသိုက်အဝန်းကိုထူထောင်ဖို့ သဘောတူညီခဲ့ကြတဲ့အကြောင်းလည်း ထည့်သွင်း ပြောဆိုထားပါတယ်။

မော်စကိုမြို့မှာတွေ့တုန်းက အထူးသဖြင့် နိုင်ငံတကာနဲ့ ဒေသတွင်းမျက်နှာစာတွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အတွက် ဘုံသန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုနိုင်ခဲ့တဲ့အကြောင်းကိုလည်း ပြောပါတယ်။

ပြီးတော့ အာဏာသိမ်းပြီး သူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်း အားထုတ်တာတွေကို တရုတ်က အခိုင်အမာထောက်ခံပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ သမ္မတနဲ့ ဝန်ကြီးချုပ်ဆီကို ပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေတယ်လို့ဆိုပြီး တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့အတူ  ရပ်ဝန်းနဲ့ပိုးလမ်းမပူးပေါင်း‌ဆောင်ရွက်မှုစီမံကိန်းတွေကို အရှိန်မြှင့် လုပ်ဆောင်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံချက်၊  ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှု စီမံချက်တွေကို အကောင်အထည်ဖော်သွားဖို့၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ဖို့အသင့်ရှိတယ်လို့ စစ်ခေါင်းဆောင်ဆီပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဇွန် ၈ ရက်က နေပြည်တော်မှာလုပ်တဲ့ သံတမန်ဆက်ဆံရေးစိန်ရတုပွဲမှာလည်း တရုတ်ရဲ့ အဲဒီ ကမ္ဘာလုံးဆိုင်ရာ စီမံချက်တွေကို အင်မတန်ချီးကျူးထောက်ခံတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024