DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးအတွက် ငွေကျပ် သန်းပေါင်း ၂ သိန်းခွဲကျော် သုံးစွဲပြီးဟု ဒုစစ်ခေါင်းဆောင်ပြော 
DVB
·
June 9, 2025
ငလျင်ဘေးအတွက် ငွေကျပ် သန်းပေါင်း ၂ သိန်းခွဲကျော် သုံးစွဲပြီးဟု ဒုစစ်ခေါင်းဆောင်ပြော 
Donate to DVB

ငလျင်ဘေး ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် သန်းပေါင်း ၂ သိန်းခွဲကျော် သုံးစွဲပြီးပြီလို့ စစ်ကောင်စီ ဒု ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ဇွန် ၆ ရက်ကလုပ်တဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ပြောတာဖြစ်ပြီး ဝန်ထမ်းတွေနေဖို့နဲ့ ရုံးဌာနတွေအတွက် အသင့်ဆောက်အိမ်နဲ့ ရုံးခန်းတွေကို တရုတ်ဆီကနေ အကူအညီတောင်းခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ငလျင်ဘေး အကူအညီတွေ၊ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ကိန်းဂဏန်းတွေကို မကြာခဏ ထုတ်ပြန်နေပေမဲ့ တကယ်တမ်းမှာတော့ တိုက်ပိလို့ အိမ်အသုံးအဆောင်ပစ္စည်းတွေ ဆုံးရှုံးခဲ့တဲ့ ဝန်ထမ်း ၆၀၀ ကျော်ကို စာရင်းကောက်တာမှာတောင် ကြန့်ကြာနေတာကို အဲဒီအစည်းအဝေးမှာ ဒု စစ်ခေါင်းဆောင် ပြောတဲ့စကားအရ သိရပါတယ်။

‘ဝန်ထမ်းအိမ်ရာများတွင် ပြိုကျပျက်စီးမှုများအနက် တိုက်များပိကျ၍ အိမ်အသုံး အဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့သည့် ဝန်ထမ်းအိမ်ထောင်စု ၄၄၉ စုအတွက် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များက ထောက်ပံ့ပေးသည်များ ရှိသော်လည်း နိုင်ငံတော်အနေဖြင့်လည်း ပုံမှန် နေ့စဉ်အသုံးပြုနေရသည့် အိမ်အသုံးအဆောင်ပစ္စည်း  လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အိမ်ထောင်စုများတွင် ဝန်ထမ်း  ၆၀၅  ဦးနှင့် မှီခိုသူ ၁၁၈၁ ဦး စုစုပေါင်း ၁၇၈၆ ဦး  စာရင်းအရ သိရှိရကြောင်း၊ ထိုသို့ စာရင်းများကောက်ယူရာတွင် အဆင့်ဆင့် လုပ်ဆောင်ရသောကြောင့် ကြန့်ကြာမှုများ ရှိသည့်အတွက် ဝန်ကြီးများကိုယ်တိုင် စိစစ်ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း’ လို့ သတင်းစာတွေက ဖော်ပြပါတယ်။

သုံးခဲ့ပြီးပြီဆိုတဲ့ ငွေကျပ် သန်းပေါင်း ၂ သိန်းခွဲကျော် (၂၆၄ ဒသမ ၆၅၆ ဘီလီယံ)မှာလည်း ဝန်ထမ်းနဲ့ မှီခိုသူတွေကို ထောက်ပံ့တာပါတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဝန်ကြီးဌာနနဲ့ အဖွဲ့အစည်း ၄၅  ခုက ဝန်ထမ်းနဲ့ မှီခိုသူ ၁၃၀,၀၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ငါးပိ ၃ လစာ ထောက်ပံ့တာ၊ ပျက်စီးခဲ့တဲ့ အခြေခံပညာနဲ့ အဆင့်မြင့်ကျောင်းတွေမှာ ယာယီကျောင်းဆောင်တွေလုပ်ဖို့ ကြိုတင်ငွေပေးတာ၊ ဝန်ထမ်းအိမ်ရာတွေ၊ ရုံးတွေနဲ့ အထူးအဆောက်အအုံတွေ ပြင်ဆင်နိုင်ဖို့ပေးတာတွေ ပါတယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

ပြီးတော့ ဘေးဒုက္ခရောက်ခဲ့တဲ့ ပြည်သူတွေအတွက် အရေးပေါ်ထောက်ပံ့ဖို့၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာတွေ မီးလောင်ခဲ့တဲ့ ပြည်နယ်တခုနဲ့ တိုင်း ၃ ခုက စာမေးပွဲပြန်ဖြေကြမယ့် ကျောင်းသား၊ ကျောင်းသူ ၃၅,၉၂၂ ယောက်နဲ့ သူတို့ကို အနီးကပ်သင်ကြားပေးမယ့် ဆရာ၊ ဆရာမ ၆,၇၂၉ ယောက် တို့အတွက် Camp အတွင်း နေထိုင်စားသောက်ရေးစရိတ်၊ စာရေးကိရိယာ၊ အဝေးကနေ ပညာရပ်ဆိုင်ရာ ဘာသာရပ်အလိုက် လာရောက်သင်ကြားပို့ချပေးကြတဲ့ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ခရီးစရိတ်၊ တည်းခိုနေထိုင်ရေးတို့အတွက် စစ်ခေါင်းဆောင်ကလည်း ကျပ်သန်း ၂ သောင်းကို အခု ဇွန်လမှာ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် ဝန်ထမ်းအိမ်ရာမပါဘဲ လူနေအိမ် ၃၉,၆၀၃ လုံး ပျက်စီးခဲ့ကြောင်းနဲ့ ငလျင်ဘေးသင့် ပြည်သူတွေရဲ့အိမ်တွေ ပျက်စီးတဲ့အပေါ် မူတည်ပြီး ထောက်ပံ့ပေးဖို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက တွက်ချက်ပြီးပြီဖြစ်လို့ မကြာခင် ထောက်ပံ့မယ်လို့လည်း ဆိုပါတယ်။

သူတို့ကတော့ မိုးရာသီမှာ ဝန်ထမ်းတွေ အမိုးအကာနဲ့ နေထိုင်နိုင်ဖို့ အသင့်ဆောက်အိမ်နဲ့ ရုံးခန်းတွေကို တရုတ်နိုင်ငံဆီ သံရုံးကတဆင့် အကူအညီတောင်းခဲ့ပြီး ရုံးခန်း အလုံးရေ ၅၀၀၊ အိမ် အလုံးရေ ၄,၅၀၀ ရရှိပြီးဖြစ်တယ်လို့ ပြောပါတယ်။

ပြီးတော့ တရုတ်က ဒီဇယ် ဂါလန် ၇ ဒသမ ၉ သန်းနဲ့ ဓာတ်ဆီ ဂါလန် ၆ သန်း ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဇွန် ၈ ရက်အထိ စာရင်းတွေအရ ပြည်တွင်း၊ ပြည်ပက စစ်ကောင်စီဆီကို လှူဒါန်းငွေကျပ် သန်းပေါင်း ၁ သိန်းခွဲလောက်(၁၄၄ ဘီလီယံကျော်)၊ နိုင်ငံတကာအစိုးရအဖွဲ့တွေ၊ ပြည်ပရောက် မြန်မာတွေ လှူဒါန်းတာက အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ကိုရီးယား ဝမ် ၅ သန်း၊ အိန္ဒိယ ရူပီး ၁၆ သန်း၊ ထိုင်း ဘတ် ၂ သန်း၊ စင်ကာပူဒေါ်လာ ၃,၁၅၀၊ တရုတ်ယွမ် ၇၀၀ ၊ သီရိလင်္ကာ ရူပီး ၂ သိန်းခွဲ၊ နီပေါ ရူပီး ၃၇,၀၀၀၊ ဘင်္ဂလားဒေ့ရှ် တာကာ ၃,၁၆၀၊ ဗီယက်နမ် ဒေါင် ၉၇၉,၀၀၀၊ အင်ဒိုနီးရှား ရူပီး ၂၀,၀၀၀၊  ကမ္ဘောဒီးယား ရီရယ် ၇၁,၆၅၀၀၊ လာအိုကစ် ၁ ဒသမ ၇ သန်းကျော်၊ ရုရှား  ရူဘယ် ၂၆၃,၀၀၀ ကျော်ရခဲ့တယ်လို့လည်း ဒု စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံပေါင်း ၁၉ နိုင်ငံဆီကလည်း စာနာထောက်ထားမှုပစ္စည်းနဲ့ ဆေးဝါး စုစုပေါင်း ၂,၄၇၂ တန် ရခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013