ဗင်နီဇွဲလားနိုင်ငံမှာ လစဉ် ငွေဖောင်းပွမှုနှုန်း ၂၀ ရာခိုင်နှုန်းအထိ ထိုးတက်လာချိန်မှာပဲ ဗင်နီဇွဲလား လက်ရှိအစိုးရနဲ့ အတိုက်အခံတွေဟာ ငလျင်ဘေး ပြန်လည်ထူထောင်ရေးနဲ့ အင်္ဂလန် ဘဏ်တိုက်ကြီးရဲ့ မြေအောက်ခန်းမှာ ပိတ်မိနေတဲ့ ဒေါ်လာ ၄ ဘီလီယံလောက် တန်ကြေးရှိ အရန်ဘဏ္ဍာ ရွှေ ၃၁ တန်ကို ပြန်ရဖို့အရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဟော်ရ်ဟဲ ရိုဒရီဂတ်ဇ်က ဩဂုတ် ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
အင်္ဂလန်ဘဏ်ဟာ သမ္မတ မာဒူရိုရဲ့ အစိုးရကို အသိအမှတ်မပြုလို့ ရွှေတွေကို ကာလရှည် ပိတ်ထားတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီက မာဒူရိုကို အမေရိကန်က ဖမ်းဆီးခဲ့သလို ယာယီသမ္မတ ဒဲလ်စီ ရိုဒရီဂတ်ဇ်က အင်္ဂလန်ဘုရင် ချားလ်စ်ထံ မေတ္တာရပ်ခံခဲ့ပေမဲ့ ရွှေတွေကို ထုတ်မပေးသေးပါဘူး။
ဇွန်လကုန်ပိုင်းက လူ ၆,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ပြင်းထန် ငလျင် ၂ ခုကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ဇူလိုင် ငွေဖောင်းပွမှု ၁၉ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တနှစ်တာ ငွေဖောင်းပွမှု ၅၇၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိလာခဲ့တာပါ။
ဒါကြောင့် နှစ်ဖက်လုံးဟာ နေအိမ်၊ ကျန်းမာရေး၊ လျှပ်စစ်မီးနဲ့ အပျက်အစီး ရှင်းလင်းရေးအတွက် အင်္ဂလန်ဘဏ်က ရွှေတွေကို ပြန်ရအောင် အဓိကကြိုးပမ်းမှာဖြစ်ပြီး ရရှိလာပါက စာရင်းစစ်ဆေးရေးနဲ့ ပွင့်လင်းမြင်သာမှု စနစ်တွေ ထူထောင်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် ကူညီပေးနေတဲ့ နိုင်ငံရေးအကူးအပြောင်း ဆွေးနွေးပွဲရဲ့ ပထမဆုံး သဘောတူညီချက်အဖြစ် တရားလွှတ်တော်ချုပ် (TSJ) တရားသူကြီးတွေ အားလုံးကို အသစ်လဲလှယ်ဖို့ နှစ်ဖက်လုံး သဘောတူခဲ့ကြပါတယ်။
အတိုက်အခံခေါင်းဆောင် ဒီနိုရာ ဖီဂီရာက တရားစီရင်ရေးဆိုင်ရာ ဥပဒေတွေ ပြင်ဆင်တာ၊ စိစစ်ရေး ကော်မတီ ဖွဲ့စည်းတာနဲ့ တရားသူကြီးသစ် ခန့်အပ်တာတွေကို လုပ်ဆောင်မှာဖြစ်ပြီး အကောင်အထည်ဖော်မှုတွေကို ဩဂုတ်လအတွင်း လက်တွေ့ ဆောင်ရွက်ချက်တွေ၊ တိကျတဲ့ စောင့်ကြည့်ရေးစနစ်တွေနဲ့ စတင်သွားမယ်လို့ ပြောဆိုထားပါတယ်။
Source: Reuters











