DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများ လွတ်မြောက်ရေး ဝင်ရောက်ဖြေရှင်းပေးရန် ဗြိတိန် ဝန်ကြီးချုပ်ကို တောင်းဆို 
DVB
·
June 8, 2025
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများ လွတ်မြောက်ရေး ဝင်ရောက်ဖြေရှင်းပေးရန် ဗြိတိန် ဝန်ကြီးချုပ်ကို တောင်းဆို 
Donate to DVB

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ “ပြောမပြနိုင်‌လောက်အောင် ဆိုးရွားတဲ့ အခြေအနေ” ကို ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီးယာစတားမာကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်နဲ့ပါ တွေ့ဆုံဖို့ တိုက်တွန်းထားပါတယ်။

ဒီတောင်းဆိုမှုတွေဟာ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအသစ်တစောင်ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာဟာ လွန်ခဲ့တဲ့ ၄ နှစ်က ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသောနိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြထားပါတယ်။ အစီရင်ခံစာထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားတွေအပေါ် မြေပြင်တိုက်ခိုက်မှုတွေအကြောင်းကိုလည်း အဓိက ဖော်ပြထားပါတယ်။ လူအမြောက်အမြား သတ်ဖြတ်တာ၊ ခေါင်းဖြတ်တာ၊ ကွပ်မျက်တာ၊ မုဒိမ်းကျင့်တာနဲ့ နှိပ်စက်တာလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပါတယ်။ သူဟာ နိုင်ငံအတွင်း ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုအပေါ် ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့တဲ့အတွက် လူအများအကြား အငြင်းပွားစရာနဲ့ သဘောထားကွဲလွဲစရာ ပုဂ္ဂိုလ်တဦး ဖြစ်လာခဲ့ပါတယ်။ 'Cancelled: The Rise and Fall of Aung San Suu Kyi' လို့ အမည်ရတဲ့ Independent TV ရဲ့ မှတ်တမ်းရုပ်ရှင်မှာ သူ့ရဲ့ ဂုဏ်သိက္ခာကျဆင်းမှုအကြောင်း ဖော်ပြခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာ ၂၀၁၂ ခုနှစ်က လန်ဒန်ကို သူလာရောက်တုန်း ကြိုဆိုခဲ့တဲ့ ဝီလျံဟိတ်က “မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဟောင်းကို ကျနော်တို့ ဝေဖန်နိုင်သလို၊ အခုအခါမှာ မတရားဖမ်းဆီးခံထားရတာက‌နေ လွှတ်ပေးဖို့အတွက်လည်း လှုပ်ရှားတိုက်တွန်းသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာပဲ ဒေးဗစ် လမ်မီဟာ ဒီသတင်းစာ (Independent) ကနေ သူလွတ်မြောက်ရေးအတွက် စိတ်အားထက်သန်စွာနဲ့ ရေးသားတောင်းဆိုခဲ့ပါသေးတယ်။ ဒီတောင်းဆိုချက်ဟာ သမိုင်းဝင်ဖြစ်ရပ်တခုလို့ ပြောနိုင်ပါတယ်။ ကြားဝင်ဆောင်ရွက်မှုအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးက ပထမဆုံးအကြိမ်အဖြစ် စစ်တပ်ကို တိုက်ရိုက်တောင်းဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေကို “သူတို့နဲ့ထိုက်တန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ” ကို ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို ပြုစုခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဝန်ကြီးဟောင်း တင်မ် လော့တန်က သူတို့တွေ့ရှိခဲ့တဲ့အရာတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး အကျပ်အတည်းကို ဖြေရှင်းဖို့ “အရေးတကြီး နှိုးဆော်ချက်” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြောင့်လည်း လွန်ခဲ့တဲ့ နှစ်လအတွင်း အခြေအနေတွေ ပိုဆိုးရွားလာခဲ့တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဒီအခြေအနေကို “ပြောမပြနိုင်လောက်တဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ အခြေအနေ” လို့ ဖော်ပြခဲ့ကြောင်း လော့တန်က ဆိုပါတယ်။ ဒါ့ကြောင့်လည်း အစီရင်ခံစာရဲ့ ခေါင်းစဉ်ကို အဲ့ဒီနာမည်အတိုင်း ပေးခဲ့တာ ဖြစ်ပါတယ်။ “ဘယ်တော့မှ မဆုံးနိုင်တဲ့ အိပ်မက်ဆိုး” လို့လည်း ခေါ်ခဲ့ပါသေးတယ်။ “အဆိုးရွားဆုံး လူမဆန်မှုတွေ” ကြောင့် “မခံမရပ်နိုင်လောက်တဲ့ ဆင်းရဲဒုက္ခတွေနဲ့ ရက်စက်မှုတွေ” ဖြစ်ပေါ်နေတယ်လို့ သူကဆိုပါတယ်။

“နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ဗြိတိန်ကဦးဆောင်ပြီး ဒီအိပ်မက်ဆိုးကြီး အဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေ အရှိန်မြှင့်တင်ရမယ့်အချိန်ကျ‌ရောက်နေပါပြီ။ ဒီလို လူမဆန်မှု၊ ရက်စက်မှု၊ ရိုင်းစိုင်းမှုနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေကိုလည်း တာဝန်ယူစေရပါမယ်” လို့ လော့တန်က အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

ဒီကော်မရှင် မေးမြန်းချက်ကို ထွက်ဆိုခဲ့ကြသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ်၊ မြန်မာနိုင်ငံမှာ ရက်ပေါင်း ၆၅၀ ကြာ ထောင်ကျခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးမူဝါဒ အကြံပေးဟောင်း ပါမောက္ခ ရှောင်တာနယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ် တို့ ပါဝင်ခဲ့ပါတယ်။

ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ ပြောမပြနိုင်လောက်အောင် ဆိုးရွားတဲ့ အခြေအနေကို ကြုံတွေ့နေရချိန်မှာ မြန်မာပြည်သူတွေဘက်က ပိုပြီး အသံကျယ်ကျယ်နဲ့ တက်တက်ကြွကြွ ရပ်တည်ပေးဖို့ အစိုးရကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် ကမ္ဘာတဝန်းလုံးက မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှု ပိတ်ပင်ရေးကို လုပ်ဆောင်ဖို့နဲ့ စစ်အာဏာရှင်အစိုးရအတွက် ငွေကြေးအထောက်အပံ့တွေကို ဖြတ်တောက်ဖို့ နိုင်ငံတကာလှုပ်ရှားမှုတွေကိုလည်း တောင်းဆိုထားပါတယ်။

ကော်မရှင်က ဗြိတိန်ကို မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး အရေးတကြီး ခေါ်ယူကျင်းပဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။ မစ္စတာ လမ်မီဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း သုံးဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီထဲမှာ လော့ဒ်ဟိတ်လည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီဘက်တော်သားအဖြစ် ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့အတွက် မဟုတ်မမှန် လုပ်ကြံစွပ်စွဲကာ ‌ထောင်ချခံထားရကြောင်း လော့ဒ် ဟိတ်က ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စဖို့ဒ်မှာ ပညာသင်ကြားခဲ့ပြီး ဗြိတိန်ပညာရှင် မိုက်ကယ် အဲရစ် နဲ့ လက်ထပ်ပြီးနောက် ဗြိတိန်မှာ သားနှစ်ဦးဖြစ်တဲ့ ကင်မ်နဲ့ အလက်ဇန္ဒား တို့ကို မွေးဖွားခဲ့ပါတယ်။

သူဟာ ၁၉၈၈ ခုနှစ်မှာ ဖျားနာနေတဲ့ မိခင်ကို ပြုစုဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ရာကနေ နိုင်ငံတွင်း ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။ သူဟာ နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်နီးပါး နေထိုင်ခဲ့ရသလို ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာလည်း ထင်ရှားလာခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေအပြီးမှာ စစ်အစိုးရက သူကို နိုင်ငံ့ ခေါင်းဆောင်ဖြစ်ခွင့် ပေးခဲ့ပါတယ်။ ဒီလိုခွင့်ပြုခဲ့ပေမဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာလိုမျိုး အဓိက ဝန်ကြီးဌာနတွေနဲ့ စစ်အသုံးစရိတ်တွေကိုတော့ စစ်တပ်ကပဲ အုပ်စီးခြယ်လှယ်ထားခဲ့ပါတယ်။

ကိတ် ဒဗ်လင်

Ref: Independent ( ယူကေနိုင်ငံအခြေစိုက် Independent  သတင်းစာ ဝက်ဆိုက်မှာ ဆောင်းပါးရှင် Kate Devlin ရေးသားထားသည့်  “Starmer urged to intervene in ‘never-ending nightmare’ of Aung San Suu Kyi and people of Myanmar” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013