
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီး ၁ ယောက်ဟာ မိသားစုနဲ့အတူ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး ဇွန် ၆ ရက်နေ့က အလင်းဝင်လာခဲ့တယ်လို့ ရွှေမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘို ပကဖ) ဆီကနေ သိရပါတယ်။
ရွှေဘို ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရွှေဘိုမြို့နယ်ထဲက မြင်းချင်းပျူရွာစခန်းက ပျူစောထီး ၁ ယောက်က သူ့မိသားစုဝင်တွေကိုပါ တပါတည်းခေါ်လာပြီး အလင်းဝင်လာတာပါ” လို့ ပြောပါတယ်။
အလင်းဝင်လာတဲ့ ပျူစောထီးအဖွဲ့ဟာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ G3 ကျည် ၉၂ တောင့်တို့ကိုလည်း ယူဆောင်လာခဲ့သေးတယ်လို့ ဆိုပါတယ်။
ရွှေဘို ပကဖ တာဝန်ခံ ကိုကြီး က “အခုထိတော့ သူနဲ့သူ့မိသားစုကို ကျနော်တို့တပ်ဖွဲ့ကပဲ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားပါတယ်။ ကျနော်တို့ဘက်က တတ်နိုင်တဲ့ ဆုငွေကိုလည်း ပေးအပ်ထားပြီးပါပြီ။ တခြားလုံခြုံရေးကိစ္စတွေရှိနေလို့ သူ့နာမည်ကို ထုတ်မပြောတာပါဗျ” လို့ DVB ကို ပြောပါတယ်။
ရွှေဘိုမြို့နယ် ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇွန် ၄ ရက်နေ့ ညနေပိုင်းမှာ ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေးလမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ အင်အား ၁၀၀ နီးပါး ပါတဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် ထက်မနည်း သေဆုံးခဲ့သလို အဲဒီစစ်ကြောင်းရဲ့ စစ်ကူတွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ထောက်ပို့တပ်သား ၁ ဦးကျဆုံးခဲ့ပြီး တခြားရဲဘော် ၂ ယောက်လည်း မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာ စစ်အာဏာရှင်စနစ်အမြန်ဆုံး အမြစ်ပြတ်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေတာကြောင့် အကြမ်းဖက်စစ်တပ်အောက်က စစ်သားတွေ၊ ပျူစောထီးတွေနဲ့ စစ်မှုထမ်း တပ်သားသစ်တွေအနေနဲ့ ပြည်သူ့ဘက်ကို အမြန်ဆုံးကူးပြောင်းကြဖို့ တိုက်တွန်းထားတယ်လို့လည်း ရွှေဘို ပကဖ ဆီကနေ သိရပါတယ်။