
တိုက်ပွဲဖြစ်ပွားမှုတွေ အရှိန်မြင့်လာတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ကျေးအုပ်ချုပ်ရေးမှူးတွေ ကြောက်လန့်စိတ်နဲ့ နုတ်ထွက်စာတင်ထားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လေးမျက်နှာမြို့နဟ်မှာ အာရက္ခာတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလာမှုအရှိန်မြင့်လာတာကြောင့် အခု ဇွန်လ အထမ အပတ်ကစတင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ၇ ယောက်ဟာ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဆီ နုတ်ထွက်စာတင်ထားတာလို့ ဆိုပါတယ်။
“မြို့နယ်ကို နုတ်ထွက်စာတင်ထားတာမှန်တယ်။ ဖိအားအမျိုးမျိုးတွေကြောင့် ဒီအခြေအနေတွေဖြစ်လာတာ။ ဟိုဘက်ကတော့ အကြောင်းမပြန်သေးဘူး။ အုပ်ချုပ်ရေး မှူးတွေဘက်ကလည်း အသေကျပ်အနေကျပ်အခြေအနေ ရောက်နေတာ။ ကြောက်တာပေါ့နော်။ ကြောက်တော့လည်း မလုပ်ချင်တော့တာပါတာနော်” လို့ လေးမျက်နှာမြို့နယ်စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲ ပန်းတောကြီး၊ ကျောက်စရစ်ကုန်း၊ အောက်စု၊ လှည်းထောက်ကွင်း၊ ရေသိုး စတဲ့ကျေးရွာတွေက ကျေးအုပ်ချုပ်ရေးမှူး ၇ ယောက် နုတ်ထွက်စာတင်ထားတာလို့ ဆိုပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတ ယောက်က “တိုက်ပွဲတွေက ကြိးကြားကြိုးကြား ဖြစ်နေတာ။ လေးမျက်နှာဘက်မှာလည်း တိုက်ပွဲဖြစ်နေသလို လေးမျက်နှာရဲ့ အစပ် ရေကြည်ဘက်နဲ့ အင်္ဂပူဘက်မှာပါ တိုက်ပွဲရှိနေတာ၊ သူတို့က တာဝန်တွေမယူချင်တော့ဘူး။ ကြောက်လာကြတာ” လို့ ပြောပါတယ်။
အခုလို နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ရေးဖိအားတွေ မြင့်လာတာကြောင့်အပြင် ဒေသတည် ငြိမ်အောင် အုပ်ချုပ်ရေး၊ စစ်မှုထမ်းကိစ္စတွေမှာပါ ဖိအာ တွေရှိနေတာကြောင့် နုတ်ထွက်တဲ့အထိ လုပ်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင် လေးမျက်နှာမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ် ချုပ်ရေးမှူးတွေကို အရပ်သား တောင်သူတွေဆီကနေ အရင်ဘဏ်ချေးငွေအကြွေး ပြန်လည်တောင်းယူခိုင်းတဲ့ ဖိအားတွေလည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။