စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာကစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဇွန် ၆ ရက် နေ့လယ် ၂ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာကြောင့် ရွာသားတယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘယ်ကနေလာတဲ့ လေယာဉ်လို့တော့ အတိအကျမသိဘူး။ ကျနော်တို့ ပုလဲမြို့နယ်မှာတော့ စစ်တပ်ရဲ့ လေယာဉ်တွေ၊ ပုစင်းတွေ ပျံနေသလိုပဲ တဝေါဝေါနဲ့။ တခါကြဲရင် ၁၇ လုံး၊ ၁၈ လုံးကြဲတယ်။ အခုလည်း ကျနော်တို့ရွာကို ကြဲချလို့ ရွာကစာသင်ကျောင်းဆောင် ၂ ဆောင်နဲ့ စာသင်ကျောင်းအနီးက နေအိမ်လည်း ပျက်စီးသွားတယ်။ နောက်ပြီး ဒေသခံ အသက် ၆၀ ခန့် အမျိုးသားတဦးသေဆုံးရတယ်။ ရွာသားအများအပြားလည်း ထိခိုက်ဒဏ်ရာ တွေရတယ်ဗျ” လို့ ရွာသားတယောက်က ပြောပါတယ်။
အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မင်းတိုင်ပင်ကျေးရွာဟာ ပုလဲမြို့နဲ့ ၆ မိုင်အကွာမှာ တည်ရှိတယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် စစ်ရေးသတင်းအရင်းမြစ်က “အဲရွာမှာက ဘာတိုက်ပွဲမှ မရှိဘူးနော်။ သူတို့က ပတ်ပြီး လေယာဉ်တွေနဲ့ ကြဲနေတာ။ ဒီနေ့နဲ့ပါဆိုရင် ၅ ရက်အထိရှိနေပြီ။ အခုကြဲချတဲ့ ရွာဆိုရင် သာမန်အရပ်သားတွေပဲ ရှိနေတာ။ စစ်တပ်ကတော့ အရပ်သားလား၊ ပြည်သူ့ကာကွယ်ရေး တပ်လားဆိုတာကို ခွဲခြားမနေဘဲကို လေယာဉ်နဲ့ ဗုံးကြဲချနေတာ” လို့ ပြောပါတယ်။
ပုလဲမြို့နယ်မှာ ဇွန် ၂ ရက်က စတင်ပြီး ကန့်ဒေါင့်ရွာနယ်မြေခံရဲစခန်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန် ၇ ရက်အထိ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ ဇွန် ၂ ရက်ကစတင်ပြီး ဒီနေ့အထိ ပုလဲမြို့နယ်အတွင်းကို လေယာဉ်မျိုးစုံနဲ့ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။