
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ဇွန် ၆ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံလူငယ်တယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ဖယ်ခုံအင်းအရှေ့ခြမ်းက တောင်ပို့ကွဲ၊ ဟိုပန်၊ နန်းပေါ်လုံရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ် တယောက် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “လက်နက်ကြီးထုထုချင်းဘဲ ကလေးစာကျက်နေတဲ့အချိန် သူ့အိမ်နေရာ လာကျ၊ ဦးခေါင်းကိုကျည်ထိမှန်တာ။ ရမ်းသန်းပစ်တဲ့ လက်နက်ကြီး ရွာထဲကျ၊ စစ်ထပ်ရှောင်ရတယ်။ စစ်ကြောင်းထိုးလာလို့ပါ” လို့ ပြောပါတယ်။
ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ၆ ကြိမ်ထက်မနည်း ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဟိုပန်နဲ့ တောင်ပို့ကွဲကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က အင်အား ၁၀၀၀ နီးပါးဟာ ရေပူကျေးရွာဘက်ကို စစ်ကြောင်းထိုးလာလို့ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ခဏဖြစ်ခဲ့ပြီး အင်အားမမျှလို့ ရေပူကျေးရွာကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။
ခုလက်ရှိမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ဟိုပန်နဲ့ တောင်ပို့ကွဲမှာနေတဲ့ ဒေသခံပြည်သူ ၅၀၀ ကျော်က စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ဧပြီလနဲ့ မေလအတွင်း ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်တွေထဲက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၇၁ ကြိမ်၊ ဒရုန်းနဲ့ ၄၆ ကြိမ်၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပြည်သူတယောက်သေဆုံးပြီး နေအိမ် မီးလောင် ပြာကျသွားတာ အလုံး ၄၀ ကျော်ရှိနေပြီး ဘာသာရေး အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ဇွန် ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။