တရုတ်အစိုးရက စစ်ကောင်စီဘက်ကနေ ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ ဒေသစံတော်ချိန် ဇွန် ၆ ရက် ညနေပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို NYCBC ကဦးဆောင်ခဲ့ပြီး နယူးယောက်မြို့မှာ ရောက်နေတဲ့ မြန်မာနွယ်ဖွားတွေက တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို မထောက်ခံဖို့၊ စစ်ကောင်စီကို စစ်လက်နက်တွေထောက်ပံ့နေတာကိုရပ်တန့်ဖို့ ကြွေးကြော်သံတွေနဲ့ တောင်း ဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်အသီးသီးကိုရောက်နေတဲ့ မြန်မာတွေဟာ တရုတ်အစိုးရရဲ့ လုပ်ရပ်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထောက်ထားဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။