DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့အထွက် ကိုးကန့် မယ်ဟန်ဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို MNDAA စစ်ဆေး
DVB
·
June 6, 2025
လားရှိုးမြို့အထွက် ကိုးကန့် မယ်ဟန်ဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို MNDAA စစ်ဆေး
Donate to DVB

ရှမ်းမြောက်ပိုင်း လားရှိုးမြို့ကို ရိက္ခာပို့ပြီး ပြန်ထွက်လာတဲ့ တန့်ယန်းက စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ် (MNDAA) က မယ်ဟန်စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လားရှိုးမြို့ကနေ တန့်ယန်းမြို့ဘက်အထွက် ကိုးကန့်တပ်ရဲ့ မယ်ဟန် စစ်ဆေးရေးဂိတ်မှာ ဇွန် ၅ ရက် မနက်ပိုင်းက စစ်ကောင်စီကား ၆ စီး စစ်ဆေးခံရတာဖြစ်ပြီး ကားအပေါ်အထိ MNDAA ဘက်က တက်ရောက်စစ်ဆေးတာလို့ ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်း စစ်ဆေးခံရတာကို မြင်တွေ့ခဲ့သူတယောက်က “မယ်ဟန် ကိုးကန့်ဂိတ်မှာ စစ်ကောင်စီတပ်သားတွေ အရစ်ခံနေရတာ။ စစ်ကောင်စီဘက်က တောင်းပန်နေတာ ဗမာလိုချည်းပဲ။ ဟိုက ဘာမှမသိ ကားပေါ်ထိ တက်စစ်ကြတာ အကြာကြီးပဲ။ ဘာပစ္စည်းမှ ကိုးကန့်ဘက်ကနေ အသယ်မခံဘူးလို့ သိရတယ်။ စစ်ကောင်စီတပ်သားတွေ မျက်နှာ ဇီးရွက်လောက်နဲ့ တောင်းပန်နေတာ နေပူကြီးထဲ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကားကြီး ၆ စီးဟာ မယ်ဟန်ဂိတ်မှာ အချိန်အတော်ကြာအောင် အစစ်ဆေးခံလိုက်ပြီး အဲဒီယာဉ်တွေဟာ ဌာနဆိုင်ရာကလူတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ လားရှိုးကိုပို့တဲ့ ယာဥ်တွေလို့ MNDAA သတင်းအရင်းအမြစ်က DVB ကို အတည်ပြုပါတယ်။

ဒါပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ ပြောပြတာ မရှိပါဘူး။ ဒါပေမဲ့ အိမ်စီးကားတွေကိုတော့ ကိုးကန့်ဘက်က မြို့ဝင်ကြေးဆိုပြီး ဖြတ်ပိုင်းနဲ့ တစီး ၁,၀၀၀ ကောက်ယူတယ်လို့ သိရပြီး စစ်ကောင်စီဘက်ကတော့ မြို့ဝင်ကြေးမကောက်ဘူးလို့ သိရပါတယ်။

လားရှိုးဒေသခံတယောက်ကလည်း “ကားပေါ်တိုင်းကို MNDAA ဘက်က တက်စစ်တယ်။ နောက်ခန်းအထိကို တက်စစ်တာ တွေ့ရတယ်။ ရိက္ခာကားတွေလေ ပို့ပြီး ပြန်ထွက်တာနေမယ်။ လားရှိုးကို ဘောမတွေက ဘာဖြစ်တယ်၊ ညာဖြစ်တယ် တင်နေကြလို့ အဲဒီအဖြစ်ပျက်လေးမြင်လို့ ရီချင်သွားတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့အဝင်မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ ရှိပေမဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေရဲ့ မလှမ်းမကန်းမှာ MNDAA ရဲ့ စစ်ဆေးရေးဂိတ်တွေ ရှိနေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “လားရှိုးမြို့ဝင်တော့ စစ်ကောင်စီက ဘယ်ကလာလဲလို့ မေးတယ်။ ပြီးတော့ အေးဆေးပဲ သွားခိုင်းလိုက်တယ်။ နမ္မတူအထွက်ဘက် စစ်ကောင်စီရဲ့ ကြာကန်ဂိတ်မှာတော့ မီးသွေးတင် ထော်လာဂျီကို ပြန်လှည့်ခိုင်းတယ်တဲ့။ ပိုက်ဆံပေးတာလည်း မယူဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

တရုတ်ရဲ့ဖိအားကြောင့် MNDAA ဟာ လားရှိုးမြို့ကနေ ဧပြီ ၂၁ ရက်မှာ ပြန်လည်ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက် အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

MNDAA ဟာ လားရှိုးမြို့ ပတ်ဝန်းကျင်က ကျေးရွာတွေမှာ အထိုင်ချ တပ်စွဲထားဆဲဖြစ်ပြီး စစ်ကောင်စီကလည်း လားရှိုးမြို့ကို အုပ်ချုပ်ရေး ပြန်လည်စတင်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013