
အီဘိုလာရောဂါ ဖြစ်ပွားတယ်လို့ သံသယရှိသူ အယောက် ၆၀၀၊ သေဆုံးသူ ၁၃၉ ယောက်အထိ ရှိလာချိန်မှာ အီဘိုလာ၊ ဘွန်ဒီဘူဂျို မျိုးစိတ်အတွက် ကာကွယ်ဆေး ၂ မျိုး ထုတ်လုပ်နိုင်ဖို့ ၉ လ လောက် အချိန်ယူရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ပါတယ်။
ဒီကာကွယ်ဆေး ၂ မျိုးကို ဖန်တီးနေပေမဲ့ လူနဲ့စမ်းသပ်လေ့လာမှု (Clinical Trials) မလုပ်ရသေးဘူး လို့ WHO အကြံပေး ဒေါက်တာ ဗာဆီး မော်သီက မေ ၂၀ ရက်မှာ ပြောပါတယ်။
ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရို အဒါနွန် ဂေဘရီယေးဆပ်စ်က သတိပေးပါတယ်။
လက်ရှိမှာ ရောဂါစတင်ဖြစ်ပွားတဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) မှာ အတည်ပြု လူနာ ၅၁ ယောက်ရှိပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံမှာ ၂ ယောက် တွေ့ထားပါတယ်။
ကျန်တာကတော့ စစ်ဆေးအတည်မပြုနိုင်တဲ့အတွက် သံသယရှိလို့ပဲ ဖော်ပြတာ ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဆင့် မရောက်သေးပေမဲ့ နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် မေ ၁၇ ရက်မှာ WHO က ကြေညာခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်နေပြီး ဆေးရုံတွေမှာလည်း လူနာတွေ ပြည့်လျှံ နေပါတယ်။
အခုကူးစက်နေတဲ့ ဘွန်ဒီဘူဂျို မျိုးစိတ်ဟာ ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံး ပြန်တွေ့ ရတာ ဖြစ်ပြီး သူ့အတွက် သီးသန့်ကုသနိုင်တဲ့ ဆေးဝါး မရှိသေးပါဘူး။
ရောဂါအမြစ်တွယ်နေတဲ့ ကွန်ဂိုအရှေ့ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတာကြောင့် ဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Source:Reuters










