
ဂွါတီမာလာမြို့တော်ရှိ အတက်ကြွဆုံးနဲ့ အန္တရာယ်အရှိဆုံး စထရာတိုမီးတောင်အမျိုးအစား ဖြစ်တဲ့ ဖွှေးဂိုးမီးတောင်ဟာ ပြာတွေနဲ့ ချော်ရည်တွေ ထုတ်လွှတ်မှု မြင့်မားလာပြီးနောက် ဇွန် ၅ ရက်က မီးတောင်အနီးရှိ နေရပ်အသိုင်းအဝိုင်းတွေမှာ ကြိုတင်ကာကွယ်ရေးအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားပါတယ်။
အဲဒီမီးတောင်ဟာ ဇွန် ၄ ရက် ညနေပိုင်းက ပေါက်ကွဲခဲ့ပြီး ပြာတွေနဲ့ ပိုင်ရိုကလပ်စ်တစ်ခ် ခေါ် မီးတောင်မှုတ်ထုတ်ချိန်မှာ လွင့်ထွက်လာတဲ့ ကျောက်စကျောက်နတွေ၊ ဓာတ်ငွေ့တွေနဲ့ မီးတောင် အပိုင်းအစတွေ ပျံ့နှံ့ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအရေးကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရက လိမ္မော်ရောင်သတိပေးချက် ထုတ်ပြန်ပြီး ပတ်ဝန်းကျင် မြို့တွေက ဒေသခံတွေကို ခိုလှုံရေးစခန်း ၄ ခုကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။
လူပေါင်း ၅၀၀ ကျော်ကို သူတို့ရဲ့ နေအိမ်တွေကနေ ဘေးကင်းရေးဂေဟာတွေဆီ ရွှေ့ပြောင်းပေးထားကြောင်း ဂွါတီမာလာ အမျိုးသား သဘာဝဘေး လျော့ပါးရေး ညှိနှိုင်းရေးမှူး (CONRED) က အကြောင်းကြားခဲ့ပါတယ်။
အထိခိုက်ဆုံး အသိုင်းအဝိုင်း ၂ ခုမှာ အယ်လ် ပိုဗယ်နီနဲ့ အက်ကာတေနန်ကိုတို့ ဖြစ်ပါတယ်။ အယ်လ်ပိုဗယ်နီမှာ စေတနာ့ဝန်ထမ်း အယောက် ၃၀ နဲ့ လိုအပ်သလို ရွှေ့ပြောင်းဖို့ ကားအမြောက်အမြား အဆင်သင့်ရှိတာကြောင့် လူ ၇၅ ယောက်လောက်က ဘေးကင်းရေး စခန်းတွေဆီ ရောက်သွားပြီဖြစ်ကြောင်း၊ ဒါပေမဲ့ အက်ကာတေနန်ကိုမှာ မသွားချင်တဲ့သူတွေလည်း ရှိနေတာကြောင့် သူတို့ကို အန္တရာယ်အတိုင်းအတာကို ရှင်းပြပေးပြီး ဘေးလွတ်ရာ ရွှေ့ပေးရမှာဖြစ်ကြောင်း စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေး တပ်မဟာ အကြီးအကဲ ဟွမ်န် ဟိုဆေး ရှာဗက်ဇ်က ပြောပါတယ်။
အာဏာပိုင်တွေဟာ လမ်းမတခုကိုလည်း ပိတ်ထားပြီး ပညာရေးဝန်ကြီးဌာနဟာ ဆာကာတေပေကယ်ဇ် ခရိုင်ရှိ သင်တန်းတွေ အပါအဝင် စာသင်ကျောင်း ၃၉ ခုမှာ သင်တန်းတွေကို ရပ်ဆိုင်းထားပါတယ်။
ဂွါတီမာလာနိုင်ငံ အမျိုးသား ငလျင်ဗေဒ၊ မီးတောင်ဗေဒ၊ မိုးလေဝသနဲ့ ဇလဗေဒအဖွဲ့ (INSIVUMEH) ကတော့ မီးတောင်လှုပ်ရှားမှုဟာ စုစုပေါင်း နာရီ ၄၀ လောက် ကြာမြင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မီးတောင်လှုပ်ရှားမှုကြောင့် ချော်ရည်တွေနဲ့ ပိုင်ရိုကလပ်စ်တစ်ခ်တွေ ၇ ကီလိုမီတာ (၄ ဒသမ ၃ မိုင်) အထိ စီးဆင်းနေပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆,၀၀၀ မှာ ပြာတွေ မြင့်တက်နေတာပါ။
ပြာမှုန်တွေဟာ အမြင့်ပေ ၃,၀၀၀ မှ ၇,၀၀၀ မီတာကြားကို ရောက်ရှိနိုင်ပြီး လေလမ်းကြောင်း အသွားအလာကို ထိခိုက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။
Source: Reuters