ထိုင်ဝမ် ချစ်ကြည်ရေးရေတပ်တပ်ခွဲရဲ့ စစ်သင်္ဘော ၃ စင်းဟာ လေ့ကျင့်ရေးနဲ့ သံတမန်ရေးတာဝန်ရဲ့ တစိတ်တပိုင်းအဖြစ် ဂွါတီမာလာနိုင်ငံရဲ့ ပစိဖိတ်ဆိပ်ကမ်းပွယ်တိုဂက်ဇယ်ကို မေ ၂ ရက်မှာ ရောက်လာပြီး ဆိုက်ကပ်ခဲ့ပါတယ်။
ထိုင်ဝမ်ရေတပ်ရဲ့ ဒုဗိုလ်ချုပ်ကြီး ချန်မင်းဖှုန့်က သင်္ဘောသား အယောက် ၇၈၀ ကျော်ဟာ ပစိဖိတ်သမုဒ္ဒရာ၊ ပနားမားတူးမြောင်းနဲ့ ကာရစ်ဘီယံပင်လယ်ကိုဖြတ်ပြီး ရေမိုင် ၂၀,၀၀၀ ကျော် ခရီးသွားခဲ့တယ်၊ ခရီးစဉ်က အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ တခုဖြစ်တယ်လို့ ပြောပါတယ်။
လာရောက်လည်ပတ်သူတွေက ထိုင်ဝမ်ဒရုန်းတွေ၊ လက်နက်တွေ၊ ဂွါတီမာလာနဲ့ ထိုင်ဝမ်ကြား ဆက်ဆံရေးသမိုင်းဆိုင်ရာ ပြသမှုတွေကို စစ်သင်္ဘောထဲမှာ ကြည့်ရှုခဲ့ကြပါတယ်။
ဂွါတီမာလာတပ်မတော်က အဖွဲ့ဝင်တွေက ပြပွဲတွေကို လှည့်ပတ်ကြည့်ရှု ခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ လေ့ကျင့်ရေးဖလှယ်မှုတွေကတဆင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုနက်ရှိုင်းစေပြီး ပညာသင်ဆု အခွင့်အလမ်းတွေကို တိုးချဲ့ပေးမယ်လို့ ဂွါတီမာလာကာကွယ်ရေးဝန်ကြီး ဟင်နရီ ဆီးန်ဇ်က သတင်းထောက်တွေကို ပြောပါတယ်။
သင်္ဘောနဲ့ သင်္ဘောဒီဇိုင်းမှာ ထိုင်ဝမ်ရဲ့ ပံ့ပိုးမှုဟာ ဂွါတီမာလာရဲ့ ရေတပ်စွမ်းရည်တွေနဲ့ ကာရစ်ဘီယံ သင်္ဘောကျင်း မဟာဗျူဟာကို အားကောင်းစေဖို့ ကူညီလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ဒီခရီးစဉ်ဟာ ထိုင်ဝမ်ရေတပ်ရဲ့ ဂွါတီမာလာဆီ ၇ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး သင်္ဘောတွေဟာ မေ ၄ ရက်အထိ ပွယ်တိုဂက်ဇယ်မှာ ဆက်နေဖို့ မျှော်လင့်ရတယ်လို့ ဂွါတီမာလာကာကွယ်ရေး ဝန်ကြီးဌာနက ဆိုထားပါတယ်။
Source: Reuters










