
အားပြင်းတဲ့ စူပါတိုင်ဖွန်း ချန်ပီ ထိုင်ဝမ်ကို ချဉ်းကပ်လာတာကြောင့် အရှေ့အာရှနိုင်ငံတွေရှိ လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။
ချန်ပီမုန်တိုင်းဟာ ဒီနှစ်ထဲမှာ ပစိဖိတ်ဒေသမှာ အားအပြင်းဆုံး စူပါမုန်တိုင်းအမျိုးအစားဖြစ်ပြီး လေတိုက်နှုန်း ၁ နာရီ ၁၄၁ မိုင်နှုန်းနဲ့ တိုက်ခိုက်နေတယ်လို့ ထိုင်ဝမ်ဗဟိုမိုးလေဝသဌာန CWA က ကြေညာထားပါတယ်။
ချန်ပီမုန်တိုင်းဟာ ထိုင်ဝမ်ရဲ့ တောင်ပိုင်း မိုင် ၃၂၀ အကွာကို ရောက်နေပြီလို့လည်း CWA က ကြေညာပါတယ်။
စူပါတိုင်ဖွန်း ချန်ပီဟာ ထိုင်ဝမ်အရှေ့မြောက်ကို ဖြတ်ပြီး တရုတ်ကမ်းခြေတွေဆီကို ဦးတည်နေကာ ဂျပန်တောင်ပိုင်းအထိ ရောက်ရှိမှာပါ။
ဂျပန်နိုင်ငံမှာလည်း လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
မုန်တိုင်းသတိပေးချက်ကြောင့် ထိုင်ဝမ် ပြည်တွင်းလေကြောင်းခရီးစဉ် ၁၂၄ ခုကို ဖျက်သိမ်းခဲ့ရတယ်လို့ ထိုင်ဝမ် ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လေကြောင်းခရီးစဉ်တွေ ဖျက်ထားပေမဲ့ ရထားလိုင်းတွေတော့ ဆက်ပြီး ပြေးဆွဲနေမယ်လို့ ဆိုပါတယ်။
ကမ်းခြေ၊ တောင်တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ မနေကြဖို့လည်း အာဏာပိုင်တွေက သတိပေးထားပြီး အရှေ့မြောက်ကမ်းရိုးတမ်း ဒေသခံတွေကိုတော့ ရွှေ့ပြောင်းထားတာ တွေ့ရပါတယ်။
လက်ရှိမှာတော့ လှိုင်းနဲ့ပါသွားတဲ့ လူတယောက် သေဆုံးထားကာ ၁၇၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ကြေညာပါတယ်။
စူပါအယ်လ်နီညို ရာသီဥတုကြောင့် ပစိဖိတ်သမုဒ္ဒရာမှာ အပူချိန်တိုးမြင့်ပြီး မုန်တိုင်းဖြစ်ပေါ်မှု အားကောင်းကာ ချန်ပီမုန်တိုင်းက အားပြင်းတဲ့ မုန်တိုင်းတခု ဖြစ်ပါတယ်။











