
ထိုင်းနိုင်ငံက မော်ဒယ်အလှမယ်နဲ့ ရုပ်ရှင်သရုပ်ဆောင် ချားလောက် အောစ်တင်း ထံကနေ ပူးပေါင်းငွေလိမ်ခဲ့ကြတဲ့ ကောလ်စင်တာ ကျားဖြန့်ဂိုဏ်းသား ၄ ယောက်ကို ဖမ်းဆီးအရေးယူပြီး တရားရုံးမှ ထောင်ဒဏ် ၁၈ မှ ၁၉ နှစ်ထိ အသီးသီးချမှတ်လိုက်တယ်လို့ ထိုင်းအမျိုးသား ဆိုင်ဘာ ရဲတပ်ဖွဲ့က ဇွန်လ ၅ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ထိုင်းရဲအရာရှိ ဝတ်စုံဝတ်ထားသူတယောက်ဟာ မော် ဒယ်ချားလောက်ထံ ဆက်သွယ်လာပြီး သူမဟာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်နေကြောင်း၊ အဲဒီအမှု ကနေ ကင်းလွတ်အောင်ဆောင်ရွက်ပေးမယ်ဆိုပြီး ဘတ်ငွေ ၄ သန်းနီးပါး လိမ်ယူသွားတာ ဖြစ်ကြောင်း ဆိုက်ဘာရဲတပ်ဖွဲ့ ရဲချုပ် တလိုင်း ဖျူဖန်းက ပြောပါတယ်။
မော်ဒယ် ချားလောက်က အလိမ်ခံရမှန်းသိတာနဲ့ ဆုထိဆန်နယ်မြေရဲစခန်းမှာတိုင်တန်းခဲ့ပြီး အဆိုပါရဲစခန်းက ဆိုင်ဘာရဲတပ်ဖွဲ့ကို ပြန်လွှဲပြောင်းခဲ့တယ်၊ ဆိုင်ဘာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ တရားခံတွေကို ခိုင်လုံသောသက်သေအထောက်အထားတွေနဲ့အတူ ဖမ်းဆီးပြီး ပူးပေါင်းလိမ်လည်မှု၊ ကွန်ပြူတာအသုံးပြုပြီး မဟုတ်မမှန်လုပ်ကြံကာ ဒုစရိုက်မှုကျုးလွန်မှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျူးလွန်မှု၊ လူနှစ်ဦးနဲ့အထက်ပူးပေါင်းပြီး ငွေကြေးခဝါချမှု စတဲ့စွဲချက်တွေနဲ့ ရာဇဝတ်မှုဆိုင်ရာ တရားရုံးသို့ ပို့ခဲ့တယ်၊ တရားရုံးက သူတို့ကို ပြီးခဲ့တဲ့ မေ ၂၉ က ထောင်ဒဏ်နှစ် ၂၀ နီးပါးစီ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုင်ဘာရဲချုပ်က ပြောပါတယ်။
ဒါ့အပြင် မော်ဒယ်ချားလောက်ထံက လိမ်လည်ထားတဲ့ ဘတ်ငွေ ၄ သန်းကို ၅ လစာ အတိုးနဲ့အတူ တလအတွင်း ပြန်ပေးဖို့လည်း ချမှတ်ခဲ့ပါတယ်။
ဒီအမှုမှာ ပူးပေါင်းကြံစည်တဲ့ တရားခံ ၅ ယောက်ရှိပြီး ၄ ယောက်သာ ဖမ်းဆီးရမိကာ အဓိက တရားခံ cryptocurrency အကောင့်ပိုင်ရှင် ဆဲင်းန် ဆိုသူ ကမ္ဘောဒီးယား အမျိုးသမီးကတော့ ထွက်ပြေးလွတ်မြောက်နေပြီး သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ ဘတ်ငွေ ၇၆ သန်းရှိနေတယ်၊ သူမဟာ အဲဒီငွေတွေကို တောင်အာဖရိကတိုက်မှာ ငွေကြေးခဝါချထားတယ်၊ ရဲတပ်ဖွဲ့က အဲဒီငွေတွေကို ထိန်းချုပ်ထားပြီ ။ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်နေတဲ့ သူမကို မကြာခင်ဖမ်းဆီးရမိလိမ့်မယ်လို့ ဆိုပါတယ်။
ဖမ်းမိတဲ့ တရားခံ ၄ ယောက်မှာ တယောက်က အမည်ခံဘဏ်ငွေစာရင်းဖွင့်ပေးသူ၊ ၂ ယောက်က ပွဲစား နဲ့ နောက်တယောက်က ရဲအရာရှိယောင်ဆောင် လုပ်ကြံလိမ်လည်သူဖြစ်တယ်။ သူတို့ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ မျက်နှာစကင်အဖတ်ခံပြီး ဘဏ်အကောင့်ဖွင့်တယ်။ လိမ်ထားတဲ့ငွေ တွေအားလုံးဟာ နောက်ဆုံး cryptocurrency အကောင့် ထံ ရောက်ရှိသွားတယ်လို့ ဆိုပါတယ် ။
အဆိုပါ ၄ ယောက်ကတော့ နန်းဆောင်ပါရီချတ် (၄၀ နှစ်) ၊ နိုင်းအာထစ်ယ (၄၃ နှစ်)၊ နန်းကျန်ထရာ (၅၁ နှစ်) နဲ့ နိုင်းထနာဝုဒ် ( ၂၈ နှစ် ) တို့ ဖြစ်ကြပါတယ်။
သူတို့ဂိုဏ်းဟာ မော်ဒယ်ချားလောက်အပြင် နောက်ထပ် အသက် ၁၇ နှစ်ရွယ် ကောင်လေးနဲ့ သူ့အဖွားထံမှ ဘတ် ၃ သန်းကျော် လိမ်လည်ထားတဲ့ ပြစ်မှုလည်း ရှိသေးတယ်လို့ ဆိုင်ဘာရဲ တပ်ဖွဲ့က ပြောသွားပါတယ်။
Source - thainews .prd / Thai PBS











