
ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းက သပြေကုန်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇွန်လထဲ ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ သေဆုံးခဲ့တယ်လို့ KNDF ဗျူဟာအမှတ် ၂ က ဇွန် ၅ ရက်က ထုတ်ပြန်ထားပါတယ်။
KNDF ပြန်ကြာရေး တာဝန်ရှိသူက "စကစ တပ်စွဲထားတဲ့ လွိုင်ကော်မြို့နယ်ထဲက ရွာတရွာရဲ့ ဘုန်းကြီးကျောင်းဝင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ စကစ တပ် အသေအဆုံးတွေ ရှိခဲ့ပြီးတော့ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပါတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်စွဲရာနေရာကို KNDF ဗျူဟာအမှတ် ၂ နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ် စစ်ကူတွေရောက်လာလို့ စစ်ကူတွေကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အယောက် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းအနေနဲ့ MA-1 ၅ လက်၊ AK-47 ၁ လက်၊ MA-4 ၁ လက်၊ RPG ၁ လက်နဲ့ တခြား လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသလို တော်လှန်ရေးအင်အားစုဘက်က ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှု အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ ဖယ်ခုံတဝိုက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လွိုင်ကော်မြို့အနီးတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲ ဖြစ်ပွားတာတွေ ရှိနေပါတယ်။