
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ၃ ယောက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဇွန် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မုံရွာမြို့ပေါ်မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်နဲ့ ရဲတပ်သားတယောက်တို့က ကျနော်တို့ မုံရွာ ပကဖနဲ့ ချိတ်ဆက်ပြီး ပြီးခဲ့တဲ့ မေလကုန်ပိုင်းနဲ့ အခုလဆန်းပိုင်းတွေက အလင်းဝင်ရောက်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေဟာ MA1 သေနတ် ၁ လက်၊ MA13 သေနတ် ၁ လက်နဲ့ G3 သေနတ် ၁ လက်တို့ ယူဆောင်လာခဲ့ကြတဲ့အတွက်လည်း ဆုကြေးငွေ ချီးမြှင့်ပေးခဲ့ပြီး သူတို့ရဲ့ စိတ်ဆန္ဒရှိတဲ့အတိုင်း ဆောင်ရွက်ပေးထားတယ်လို့လည်း ဆိုပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံ ကိုအာကူးက “ မုံရွာမှာ တာဝန်ကျနေကြတဲ့ သူတို့ ၃ ယောက်ထဲက တပ်သားသစ်အဖြစ် စုဆောင်းခံထားရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုညီညီ၊ ရန်ကုန်က ကိုမျိုးဦးနဲ့ ရဲတပ်သားကတော့ ဧရာဝတီတိုင်း၊ ပုသိမ်ဇာတိဖြစ်တဲ့ ကိုချစ်မိုးသူတို့ ဖြစ်ပါတယ်။ အဲဒီထဲက ၂ ယောက်က ကျနော်တို့အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို ပြန်တိုက်ဖို့ ဆန္ဒရှိကြလို့ လိုအပ်တဲ့ သင်ကြားမှုတွေ ဆောင်ရွက်ပေးနေပါတယ်။ ကျန်တဲ့တယောက်ကတော့ သူ့မိသားစုတွေဆီကို ပြန်ချင်တယ် တောင်းဆိုတာကြောင့် သူသွားချင်တဲ့နေရာကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးလိုက်ပါပြီ။ သူတို့သဘောဆန္ဒတွေ အတိုင်းပဲ ကျနော်တို့ ဆောင်ရွက်ပေးခဲ့တာပါ” လို့ ပြောပါတယ်။
လက်နက်တွေနဲ့ အလင်းဝင်ရောက်လာခဲ့ကြသူတွေကို တယောက် ကျပ်သိန်း ၅၀ စီနဲ့ စုစုပေါင်း သိန်း ၁၅၀ ချီးမြှင့်ပေးခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသေးသူတွေ အနေနဲ့လည်း ပြည်သူကို မျက်နှာမူပြီး နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီမှာ အမြန်ဆုံး ခိုလှုံအလင်းဝင်ကြဖို့ မုံရွာ ပလဖ က တိုက်တွန်းထားပါတယ်။