ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံမှာ ယာယီသွားရောက်ခိုလှုံနေကြတဲ့ မြန်မာစစ်ရှောင်ပြည်သူ အယောက် ၅၀၀ လောက် ဇွန် ၅ ရက် မနက်ပိုင်းမှာ နေရပ်ပြန်သွားတယ်လို့ ထိုင်းစစ်တပ်သတင်းရင်းမြစ်ကနေ သိရပါတယ်။
အဆိုပါစစ်ရှောင်တွေဟာ မြဝတီမြို့တောင်ဘက် ဘလဲ့ဒို့စခန်းသိမ်းတိုက်ပွဲ၊ ဆုံဆည်းမြိုင်ဘောလုံးကွင်းတိုက်ပွဲနဲ့ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။
မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ ယာယီစစ်ရှောင်တွေကို ထိုင်းအစိုးရက လူသားချင်းစာနာမှုနဲ့ ခိုလှုံစရာ နေရာပေးထားကာ ကျန်းမာရေး၊ စားသောက်ဖွယ်ရာတွေလည်း ကူညီပေးထားတာ သီတင်းတပတ်ကျော် ရှိသွားပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ မြန်မာ-ထိုင်းနယ်စပ် တိုက်ပွဲတွေ ရပ်သွားတဲ့အတွက် ဘေးကင်း လုံခြုံတယ်လို့ ယူဆတာကြောင့် စစ်ဘေးရှောင်တွေ နေရပ်ပြန်ကြတာ ဖြစ်ပါတယ်။