
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် အသောကပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
အသောကပင်ကို သိပ္ပံလို Saraca asoca လို့ခေါ်ပြီး အင်္ဂလိပ်လို ashoka tree လို့ ခေါ်ပါတယ်။
အသောကအပင်မှာ flavonoid, glycoside, saponin, steroid, tannin, ester, alkane, Quinone, cyclic hexapeptide စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ နာကျင်ကိုက်ခဲမှု သက်သာစေခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ သန်ကောင်/တုတ်ကောင်ကို ဆန့်ကျင်ခြင်း၊ သားအိမ်ကြွက်သားများကို ကျုံ့စေခြင်း၊ ကိုယ်ဝန်ကို ဆန့်ကျင်ခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း၊ ရာသီသွေးဆင်းလွန်ခြင်းကို တားဆီးပေးခြင်း၊ အမျိုးသမီးကျန်းမာရေးဆိုင်ရာ ပြဿနာများကို လျော့ပါးစေခြင်းနဲ့ ဟော်မုန်းမညီမျှမှုများကို လျော့ပါးစေခြင်း၊ အသားအရေနဲ့ ဆံပင်ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ အသောကပင်ရဲ့ အခေါက်၊ အပွင့်၊ အစေ့တို့ကို သုံးစွဲကြပါတယ်။
အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အက်ဆစ် ပြန်တက်ခြင်းတို့မှာ အသောကပန်းပွင့် လက်တဆုပ်စာနဲ့ အုန်းသီးအသား (အုန်းဆံ) လက်ဆုပ်တဝက်ကို ညက်ညက်ကြိတ်ခြေပြီး ဆား၊ ငရုတ်ကောင်း၊ ပျဉ်းတော်သိမ်နဲ့ နံနံပင် အနည်းငယ်စီထည့်ကာ အစာမစားမီ ကော်ဖီ ၁ ဇွန်း တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
အသောကအခေါက်မှုန့် ကော်ဖီဇွန်း ၁ ဇွန်း၊ ရှားစောင်းလက်ပတ်ပျော့ဖတ် ဟင်းစားဇွန်း ၁ ဇွန်း၊ နနွင်းမှုန့်နဲ့ နှင်းဆီရေ အနည်းငယ်တို့ကို ရောစပ်ကာ ပျစ်ပျစ်လေးဖြစ်အောင် ပြုလုပ်ပြီး မျက်နှာနဲ့ လည်ပင်းတဝိုက် လိမ်းပေးခြင်းဖြင့် အသားအရေကို ကြည်လင်တောက်ပ စိုပြည်စေပါတယ်။
အမျိုးသမီးများမှာ ရာသီလာစဉ် သွေးဆင်းများခြင်းအတွက် အသောကပင် အခေါက်ကို အသောက ၁၀ ဂရမ်ကို ရေ ၂ ခွက်နဲ့ ရောစပ်ပြီး ရေပမာဏ တဝက်ခွက်စာခန့် ကျန်တဲ့အထိ ပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို အစာမရှိချိန် တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အရသာအတွက် ပျားရည်/ထန်းလျက် ကော်ဖီ ၁ ဇွန်း ထည့်နိုင်ပါတယ်။
အသောကခေါက်မှုန့်၊ နွယ်ချိုမှုန့်၊ ထိကရုန်းပင်မှုန့် ဆတူရောနှောပြီး ဟင်းစားဇွန်း ၁ ဇွန်းကို ရေ လီတာဝက်ထည့်ကာ တဝက်ခွက်စာခန့် ကျန်ရှိသည်အထိ ကျိုပြီး စစ်ထားပါ။ ရာသီလာစဉ် သွေးဆင်းများခြင်းအတွက် ရာသီလာရက် မတိုင်မီ ၃ ရက်မှ ၅ ရက်အလိုမှာ စတင်သောက်သုံးပြီးနဲ့ ရာသီပြီးဆုံးပြီးနောက် ၁၀ ရက်လောက်အထိ ဆက်လက်သောက်သုံးပေးနိုင်ပါတယ်။
အမျိုးသမီးများမှာ မီးယပ်ဖြူဆင်းခြင်းအတွက် အသောကဝတ်ဆံမှုန့် ကော်ဖီ ၁ ဇွန်းကို ဆီးဖြူသီးမှုန့် ကော်ဖီဇွန်းဝက်ထည့်ပြီး နွားနို့နဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် အဖြူဆင်းခြင်းဝေဒနာကို အလွန်ထိရောက်စွာ သက်သာစေပါတယ်။
ဆံပင်သန်စွမ်းစေရန်နဲ့ ဗောက်ထခြင်းကို ကာကွယ်ရန်အတွက် အသောကအရွက် သို့မဟုတ် ပန်းပွင့်အနှစ် (paste) ကော်ဖီဇွန်းဝက်မှ ၁ ဇွန်းခန့်ကို အုန်းဆီ ဟင်းစားဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး ဦးရေပြားတဝိုက်မှာ နှိပ်နယ်ပေးပါ။ ၁၅-၃၀ မိနစ်ခန့် ထားပြီးနောက် ခေါင်းလျှော်ပါ။ ဆံပင်သန်စွမ်းမှုကို မြှင့်တင်ပေးသလို ဦးရေပြားပိုးဝင်ခြင်း အမျိုးမျိုးကိုလည်း ကာကွယ်ပေးပါတယ်။ ဆံပင်စောစီးစွာဖြူခြင်းနဲ့ ရုတ်တရက် ဆံပင်ပျက်စီးခြင်းတို့ကိုလည်း တားဆီးပေးပါတယ်။
အသောကပင်မှာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များမှာ အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂ ကြိမ်ခန့် သောက်သုံးခြင်းက ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ကစီဓာတ်မှ ဂလူးကို့စ်အဖြစ် ပြိုကွဲပြောင်းလဲမှုကို လျှော့ချပေးနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို ကျစေကာ ဆီးချိုရောဂါအတွက် အကျိုးပြုပါတယ်။
အသောကပင်ဟာ သွေးကြောများအတွင်း အဆီဓာတ်များ ဓာတ်တိုးပျက်စီးခြင်းနဲ့ စုပုံခြင်းတို့ကို တားဆီးပေးကာ သွေးကြောနံရံများမှာ အဆီများစုပုံမာကျောခြင်း၊ နှလုံးသွေးကြောပိတ်ဆို့ခြင်း၊ နှလုံးဖောက်ပြန်ခြင်းနဲ့ သွေးခဲခြင်း စတဲ့အန္တရာယ်များကို လျှော့ချပေးခြင်း၊ သွေးဥမွှားများ စုစည်းတွယ်ကပ်မှုကို လျှော့ချပေးနိုင်သဖြင့် ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို ချောမွေ့စေတဲ့အပြင် သွေးကြောများကို ကျယ်စေတဲ့ အာနိသင်လည်းရှိလို့ အသောကအခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ်ခန့် သောက်ပေးခြင်းဖြင့် နှလုံးလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး သွေးတိုးရောဂါကိုလည်း လျော့ကျစေပါတယ်။
အသောကမှာ ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ အာနိသင် ရှိတာကြောင့် အဆစ်အမြစ်ရောင် ရောဂါမှာ အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂ ကြိမ် ရေနွေးနဲ့ သောက်ပေးခြင်းဖြင့် နာကျင်မှုနဲ့ ရောင်ရမ်းခြင်းများကို သက်သာစေပါတယ်။ အခေါက်မှုန့်ကို အနှစ်ပြုလုပ်ပြီး လိမ်းပေးနိုင်ပါတယ်။
အသောကပင်ဟာ ဝမ်းပျော့စေတဲ့အာနိသင်ရှိပြီး လိပ်ခေါင်းရောဂါကြောင့် ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ မအီမသာဖြစ်ခြင်းတို့ကို လျှော့ချပေးတဲ့အပြင် အူလမ်းကြောင်းအောက်ပိုင်းရှိ ဖိအားကို လျှော့ချပေးခြင်းဖြင့် စအိုကွဲခြင်း၊ သွေးယိုစီးခြင်း၊ စအိုမှ အသားပိုထွက်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ အူလမ်းကြောင်း ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး အူမကြီးကို သန့်စင်စေပါတယ်။ အသောကပင်မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းနဲ့ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်စွမ်းတို့ကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်ပေးပြီး ဆီးသွားစဉ် ဖြစ်ပေါ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတို့ကို လျှော့ချပေးကာ ဆီးအိမ်တင်းကျပ်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ကျောက်ကပ် ကျောက်တည်ခြင်းနဲ့ ဆီးသွားစဉ် နာကျင်ကိုက်ခဲခြင်းတို့မှာ အစေ့မှုန့် ကော်ဖီဇွန်းဝက်ကို ရေများများနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
လိပ်ခေါင်းရောဂါအတွက် အခေါက်မှုန့် ကော်ဖီဇွန်းဝက်ကို အစာစားပြီးနောက် ရေနဲ့ သောက်သုံးနိုင်ပါတယ်။
အသောကအခေါက်ပြုတ်ရည်ကို အနာများနဲ့ မကျက်နိုင်တဲ့ အနာများကို ဆေးကြောရာမှာ ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ စပ်အနာများမှာ ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အသောကပင်မှာ ကြွယ်ဝစွာပါဝင်တဲ့ Quinone နဲ့ cyclic hexapeptide ဓာတ်ပေါင်းတွေဟာ ကင်ဆာဆန့်ကျင် အာနိသင် ရှိတာကြောင့် အသောက အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို နေ့စဥ် ပုံမှန် သောက်သုံးပေးခြင်းဖြင့် ရင်သား၊ သားဥအိမ်နဲ့ သားအိမ်ကင်ဆာတွေ အပါအဝင် ကင်ဆာအမျိုးမျိုး (အန္တရာယ်မရှိတဲ့ အကျိတ်များနဲ့ ကင်ဆာအကျိတ်များ)၊ အူမကြီး၊ အသည်း ကင်ဆာဆဲလ်များ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေပါတယ်။
အသောကပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူတွေမှာ ဝမ်းချုပ်ခြင်း၊ ဗိုက်လေးလံခြင်းနဲ့ ပျို့အန်ချင်စိတ်ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အသောကပင်နဲ့ ဓာတ်မတည့်သူတွေ အသောကပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ကို ဆန့်ကျင်တဲ့ အာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သားသမီးရယူလိုသူ မိခင်လောင်းတွေ အသောကပင်ကို သောက်ဆေးအဖြစ် မသုံးစွဲသင့်ပါ။
နွေဦးပြည်သူတွေ အသောကပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။










