
ရခိုင်က စစ်ဘေးရှောင်ကလေးတွေကို အခမဲ့ ပညာသင်ကြားပေးနေတဲ့ လင်းရောင်ခြည် ဖောင်ဒေးရှင်းက အခုစာသင်နှစ်မှာ ကျောင်းဆောင်တွေ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့နဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို သင်ထောက်ကူပစ္စည်းတွေ ကူညီထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ အခမဲ့ ပညာသင်ကြားပေးနေတဲ့ လင်းရောင်ခြည် ဖောင်ဒေးရှင်းက အခု ၂၀၂၅-၂၀၂၆ ခုနှစ် စာသင်နှစ်မှာ စာသင်ဆောင် ၉ ဆောင်အထိ တိုးချဲ့ပြီးတော့ စစ်ဘေးရှောင်ကလေးငယ် ၁,၅၀၀ ကို အခမဲ့ ပညာသင်ကြားပေးသွားမှာဖြစ်ပြီး လက်ရှိမှာ ကျောင်းအပ်လက်ခံနေပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်တွင်းက ရခိုင်၊ မြို၊ ခမီ ကျောင်းသားတွေ တက်ရောက်သင်ကြားခဲ့ရပြီး အခုနှစ်မှာတော့ မွတ်ဆလင် ကျောင်းသားတွေကိုပါ လက်ခံသင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းသားဦးရေ ပိုများလာတာနဲ့အတူ စာသင်ကြားဖို့ နေရာအခက်အခဲ ဖြစ်တဲ့အတွက် စာသင်ဆောင်တွေလည်း တိုးချဲ့ဆောက်လုပ်လာရပြီး လက်ရှိမှာ ငွေကြေးနဲ့ တခြားအခက်အခဲတွေ များစွာကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်း ပြန်ကြားရေးတာဝန်ခံ ကိုကျော်ဇင်သန့်က ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျောင်းက ၇ ကျောင်းဖွင့်တယ်။ ဒီနှစ်မှာဆိုရင် ကျနော်တို့က ထပ်ပြီးတော့ ကျောင်းက ၉ ကျောင်း၊ ကျောင်းသားက ၁,၅၀၀ ဆိုတော့ ကျောင်းဆောင်သစ်တွေ ဆောက်ဖို့ကလည်း ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆောက်လုပ်ထားတဲ့ ကျောင်းဆောင်တွေကို ပြုပြင်ပေးရမယ့်ဟာတွေလည်း ရှိပါတယ်။ နောက်တခုက လုံးဝချို့တဲ့တဲ့ ကလေးတွေပေါ့နော်၊ ချို့တဲ့တဲ့ ကလေးတွေကို သင်ထောက်ကူတွေ၊ စာရေးကိရိယာတွေကို ထောက်ပံ့ပေးဖို့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် အခကြေးငွေ လုံးဝမယူဘဲနဲ့ သင်ကြားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို ဒီနှစ်မှာ တယောက်ကို ၅၀,၀၀၀ လောက် ထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါတွေကတော့ ကျနော်တို့ ကျောင်းလည်ပတ်မှုနဲ့ အခက်အခဲတွေပါ။”
ပြီးခဲ့တဲ့နှစ်ကတော့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှာ စစ်ဘေးရှောင်ကလေးတွေအတွက် စာသင်ဆောင် ၇ ဆောင်နဲ့ ကျောင်းသား ၁,၂၀၀ ကျော်ကို အခမဲ့ ပညာသင်ကြားပေးနိုင်ခဲ့ပြီး KG တန်းကနေ Grade 9 အထိ တက်ရောက်နိုင်ခဲ့ကာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၀၀ ကျော်နဲ့ ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ လင်းရောက်ခြည်ဖောင်ဒေးရှင်း အနေနဲ့ စစ်ဘေးရှောင် ကျောင်းသူ ကျောင်းသား ၁,၅၀၀ ကို ပညာရေးကဏ္ဍအပြင် ကျန်းမာရေး၊ လူမှုဖူလုံရေး ကဏ္ဍတွေမှာလည်း အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းပေးသွားမှာဖြစ်လို့ “ပညာအလှူ ဝိုင်းဝန်းကူ” ကမ်ပိန်းတခုကို ပြုလုပ်နေပါတယ်။
အဲဒီကမ်ပိန်းကို မေ ၁၄ ရက်က စတင်ကာ ဇူလိုင် ၁၄ ရက်အထိ နှစ်လတာ ပြုလုပ်သွားမှာဖြစ်ပြီး “ပညာအလှူ ဝိုင်းဝန်းကူ” ကမ်ပိန်းမှာ ပူးပေါင်းပါဝင်ချင်တဲ့ အလှူရှင်တွေအနေနဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းရဲ့ Facebook Page ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အလုပ်အကိုင်ရှားပါးနေတဲ့အပြင် ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်မားနေတာကြောင့် ကလေးတွေရဲ့ ကျောင်းစရိတ် မထောက်ပံ့ပေးနိုင်တဲ့အတွက် လင်းရောင်ခြည်ဖောင်ဒေးရှင်းကိုပဲ အားကိုးနေရတယ်လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှာ တက်ရောက်ပညာသင်ကြားနေတဲ့ စစ်ဘေးရှောင် ကျောင်းသားတယောက်ရဲ့ မိခင်က ပြောပါတယ်။
“သူတို့တွေဆီကနေပြီးတော့ ခဲတံတွေ၊ ဘောပင်တွေ၊ စာအုပ်တွေ အကုန်လုံး ထောက်ပံ့ပေးတယ်။ ညီမတို့ဆီက ဝယ်ပေးစရာမလိုဘူး။ ဒါပေမဲ့ ကျောင်းသားတွေကလည်း အများကြီးဆိုတော့လေ သူတို့ဆီက ပံ့ပိုးပေးတာလည်း မလုံလောက်ဘူးပေါ့နော်။ ကိုယ်တို့က အလုပ်တွေကလည်း အဆင်မပြေတော့ ကလေးတွေကို ကျောင်းစရိတ်တွေ မပံ့ပိုးပေးနိုင်ဘူး။ စာအုပ်တွေ၊ ခဲတံတွေလည်း မပံ့ပိုးပေးနိုင်ဘူး။ အဲဒါကြောင့် အခမဲ့ကျောင်းကပဲ ကူညီထောက်ပံပေးတာပါ။ ဒါပေမဲ့ စာအုပ်တွေ၊ ခဲတံတွေ ကလေးတွေအတွက် မလုံလောက်ဘူး။ ကျောင်းမှာက ကလေးတွေ များတော့လေ၊ ဒါကြောင့် အကူအညီတောင်းချင်တာပါ။ ပုဂ္ဂလိကပဲဖြစ်ဖြစ် ဘယ်အလှူရှင်မျိုးတွေကပဲဖြစ်ဖြစ် လှူစေချင်တယ်၊ ပံ့ပိုးပေးစေချင်တယ်။”
ပုဏ္ဏာကျွန်းမြို့အခြေစိုက် လင်းရောင်ခြည်ဖောင်ဒေးရှင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခမဲ့ ပညာသင်ကြားရေးစနစ်ကိုတော့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ စတင်သင်ကြားခဲ့ပါတယ်။
အခုစာသင်နှစ်အတွက် တက်ရောက်ကြမယ့် ကျောင်းသား ကျောင်းသူတွေက ရခိုင်၊ ခမီ၊ မရာမာ ကျောင်းသားဦးရေ အယောက် ၇၀၀၊ မြို ကျောင်းသား အယောက် ၄၀၀ နဲ့ မွတ်ဆလင် ကျောင်းသား အယောက် ၄၀၀ တို့ကို အခမဲ့ပညာသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အစိုးရစာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တာ မရှိတော့ဘဲ ကလေးငယ်တွေလည်း ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရပါတယ်။
ကေခိုင်