
လျှပ်စစ်မော်တော်ကား အစီး ၈၀၀ အပါအဝင် မော်တော်ယာဉ် အစီး ၃,၀၀၀ လောက်ကို တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစီးပေါ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ သင်္ဘောဝန်ထမ်းတွေဟာ အလာစကာ ကမ်းရိုးတန်းအနီးမှာ သင်္ဘောကို စွန့်ခွာသွားခဲ့ကြတယ်လို့ သင်္ဘောအော်ပရေတာဖြစ်တဲ့ ဇိုးဒိယာ့ခ် ရေကြောင်းကုမ္ပဏီက ပြောပါတယ်။
သင်္ဘောသားတွေဟာ မီးကို မငြှိမ်းသတ်နိုင်တော့ချိန်မှာ သင်္ဘောသား ၂၂ ယောက်ကို ဘေးကင်းကင်း ထွက်ခွာသွားနိုင်အောင် လုပ်ပေးခဲ့ပြီး အခုတော့ သင်္ဘောကို ကယ်တင်ဖို့အပေါ် အာရုံစိုက်နေတယ်လို့ ဇိုးဒိယာ့ခ် သင်္ဘောကုမ္ပဏီက ပြောပါတယ်။
သူတို့ကို အသက်ကယ်လှေကတဆင့် ကယ်ထုတ်ခဲ့ပြီး အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ အကူအညီနဲ့ အနီးနားရှိ ကုန်သည်သင်္ဘောတစင်းကို လွှဲပြောင်းပေးခဲ့ပါတယ်။
မောနင်း မိုင်းဒပ်စ် အမည်ရှိ သင်္ဘောဟာ အလာစကာပြည်နယ် အေးဒက်ခ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၀၀ အကွာမှာ တည်ရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က သူ့ရဲ့ X အကောင့်မှာ ပြောကြားခဲ့ပါတယ်။
လိုက်ဘေးရီးယား အလံတင်သင်္ဘောဟာ မေ ၂၆ ရက်က တရုတ်နိုင်ငံ ယန်ထိုင်းဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး မက္ကဆီကိုနိုင်ငံ လာဇာရို ကားဒ်နပ်စ်မြို့ကို ဦးတည်နေကြောင်း LSEG အချက်အလက်တွေအရ သိရပါတယ်။
လျှပ်စစ်မော်တော်ကားတွေကို တင်ဆောင်ထားတဲ့ သင်္ဘောရဲ့ ကုန်းပတ်မှ မီးခိုးတွေ တက်လာတာကို အစပိုင်းမှာ မြင်တွေ့ခဲ့ရကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပြီး သင်္ဘောမှာ သယ်ဆောင်လာတဲ့ မော်တော်ကား အမှတ်တံဆိပ် ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လျှပ်စစ်မော်တော်ကားနဲ့ ပတ်သက်တဲ့ မီးလောင်ကျွမ်းမှုဟာ အပူမြင့်တက်ခြင်းနဲ့ ပြန်လည်လောင်ကျွမ်းနိုင်တဲ့ အန္တရာယ်ရှိခြင်းတို့ကြောင့် မီးငြှိမ်းသတ်နိုင်ဖို့ ခက်ခဲပြီး ရက်အတော်ကြာအောင် ဆက်ဖြစ်ပွားနိုင်တာပါ။
ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က အခင်းဖြစ်ရာကို လေကြောင်းထောက်ကူအဖွဲ့နဲ့ ကမ်းခြေစောင့်တပ်သုံး လုံခြုံရေးသင်္ဘောတစင်းတို့ကို စေလွှတ်ခဲ့ပြီး အခင်းနေရာမှာ သင်္ဘော ၃ စင်း ရှိနေပြီလို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
Source: Reuters










