DVB Logo
Home
မြန်မာသတင်း
စစ်တပ်က စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအချို့ကို မီးရှို့ပြီး လေကြောင်းတိုက်ခိုက်
DVB
·
June 5, 2025
စစ်တပ်က စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအချို့ကို မီးရှို့ပြီး လေကြောင်းတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တပ်မ ၃၃ ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်က တအိမ်တည်း ကျေးရွာကို ဇွန် ၅ ရက် မနက်အစောပိုင်းမှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရွာသားတယောက်က  “သူတို့ ရွာထဲမရောက်ခင်ကတည်းက ပစ်လိုက်တဲ့ သေနတ်သံတွေက ဆူညံနေတာပဲ။ အဲဒီလို ကြားတာနဲ့ ရွာထဲကလူတွေ အကုန်ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရတယ်။ သူတို့ ရွာထဲရောက်ပြီး သိပ်မကြာဘူး။ ရွာကို မီးစရှို့တော့တယ်ဗျ။ ခန့်မှန်းနာရီဆိုရင် မနက်ခင်း ၃ နာရီခွဲကျော်ကျော်လောက် ဖြစ်မယ် ထင်တယ်ဗျ။ မီးကတော့ အခု မနက် ၈ နာရီအထိ လောင်နေဆဲဗျ။ ဘယ်သူမှ ဝင်မငြှိမ်းရဲဘူး။ ဘာဖြစ်လို့ ရွာကို မီးရှို့တာလဲ မသိပါဘူး အကိုရာ။ ကျနော်တို့ရွာမှာ တိုက်ပွဲလည်း မရှိပါဘူး။ သူတို့ စစ်တပ်ကတော့ ပြည်သူတွေကို ဒုက္ခပင်လယ်ထဲ ဆွဲချနေတာလို့ပဲ ပြောရမှာပဲ။ အခုထိ ကျနော်တို့ရွာထဲ ပြန်မဝင်သေးတော့ မီးလောင်တဲ့အိမ်အရေအတွက်လည်း မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ တအိမ်တည်းရွာဟာ စစ်ကိုင်းမြို့နဲ့ ၅ မိုင်ခန့်သာ ဝေးတယ်လို့ သိရပါတယ်။

စစ်ကိုင်း ပအဖအဖွဲ့ဝင်တယောက်က “ကျနော်တို့အဖွဲ့တွေအားလုံး အဲဒီရွာအနီးနဲ့ ရွာထဲမှာ ဝင် ရောက်လှုပ်ရှားတာလည်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာက စစ်ကိုင်းတပ်မ ၃၃ နဲ့လည်းနီးပြီး အုန်းတောကျေးရွာအခြေစိုက် အမြောက်တပ်ရင်း ၆၀၀၅ တို့နဲ့လည်း နီးတယ်ဗျ။ ကျနော်အထင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ စစ်သား ၆ ဦး အသတ်ခံရပြီး လက်နက်ပါ သွားတဲ့အတွက် ထင်သလို အရပ်သားရွာတွေကို အနိုင်ကျင့် အကြောက်တရားသွင်းနေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈၊ ၂၉၊ ၃၀ ရက်တွေမှာလည်း စစ်ကိုင်းမြို့နယ်အတွင်က ကင်းရွာနဲ့ ကံတလူရွာတွေကို စစ်တပ်က မီးရှို့ခဲ့သေးတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာအနီးကိုလည်း စစ်ကောင်စီတပ်က ဇွန် ၂ ရက်‌က စတင်ပြီး ဇွန် ၄ ရက်အထိ လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို ၃ ရက်တာ လေကြောင်းတိုက်ခိုက်နေတာဟာ ကန့်ဒေါင့်ရွာ နယ်မြေခံရဲစခန်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်နေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတယောက်က “လက်နက်ကြီးကျည်တွေက ကျနော်တို့ရွာတွေဆီပါ ကျော်ကျလာတယ်။ နောက်ပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကလည်း အတော်များနေပြီဗျ။ အခုထိတော့ အရပ်သား ထိခိုက်တာ မကြားရသေးဘူး။ တိုက်ပွဲမှာကတော့ နှစ်ဖက် အကျအဆုံးတွေ ရှိနေတယ်။ စစ်တပ်ဘက်ကတော့ အတော်လေး အထိနာမယ် ထင်တယ်။ သူတို့ အထိနာလို့ လေယာဉ်နဲ့ပတ်ပြီး ဗုံးကြဲနေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာကြောင့် ကန့်ဒေါ့င်ရွာ၊ ပိတောက်ကုန်းရွာ၊ ကိုးပင်ရွာ၊ မဲဇရပ်ရွာ၊ သာစည်ရွာ၊ သရက်လှရွာ၊ တောင်ရွာသစ်ရွာ၊ သရက်ကန်ရွာ စတဲ့ အနီးဝန်းကျင်က ပြည်သူ ၅,၀၀၀ ကျော် နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်တပ်က ဒီနေ့ ဇွန်လ ၄ ရက်နေ့ ညနေ ၅ နာရီ ၃ မိနစ်မှာ ပုလဲ အင်မထီးပျူရွာကို Mi-17 သယ်ပို့ရဟတ်ယာဉ်တစီးလည်း ဆင်းတယ်။ အင်အားဖြည့်တဲ့ သဘောရှိတယ်။ ၃ ရက်တာတိုက်ပွဲမှာ ကိုယ့်ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်။ ကျနော်တို့ဘက်က ဒီလောက်ပဲ ပြောလို့ရမယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က အင်မထီး၊ ဇီးဖြူကုန်း၊ ကန့်ဒေါင့် စတဲ့ မြို့ပေါ် ကျေးရွာ ၃ ရွာသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ကျေးရွာအများစုကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013