
ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်ကောင်စီရဲ့ တပ်မကုန်းကို ရဟတ်ယာဉ် ၂ စီး ဇွန် ၄ ရက် ညနေ ၄ နာရီကျော်က ဆင်းဖို့ပြင်ချိန် KIA ပူးပေါင်းတပ်တွေ ပစ်ခတ်ခဲ့တာကြောင့် မဆင်းသက်ဘဲ လှည့်ပြန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရဟတ်ယာဉ် ၂ စီးဟာ စစ်ကြောင်းမှူးနဲ့ ဗျူဟာမှူးကို လာခေါ်တာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က ပစ်ခတ်လို့ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
တပ်တွင်းနဲ့ နီးစပ်သူတယောက်က “အဲဒီရဟတ်ယာဉ်နဲ့ မနေ့ကဖြစ်စဉ် နေရာတွေကို မှတ်တမ်းလာယူတာလို့ သိရတယ်။ ပစ်ခတ်ခံရလို့ အောက်ကို မဆင်းခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်သံတွေ ကြားရပြီးနောက် ဖားကန့်မြို့လယ်က စစ်ကောင်စီရဲ့ တပ်မကုန်းက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဖားကန့် ရှင်ကြီးကုန်းရွာအနီးကို ကျရောက်ပေါက်ကွဲပြီး လူထိခိုက် သေဆုံးတာ ရှိတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသခံတယောက်က “ရဟတ်ယာဉ်လာလို့ အောက်ကပစ်တာကို ပြန်ပစ်တာ။ စက်လက်နက်ကြီးသံတွေရော အုန်းခနဲ အကြီးသံတွေရောပဲ။ ဖားကန့်ထဲက တပ်မကုန်းကို လက်နက်ကြီးနဲ့ ရိက္ခာချဖို့ လာတာလို့လည်း ပြောတယ်။ လက်နက်ကြီးထိပြီး အရပ်သား သေဆုံးတာ ရှိတယ်လို့ သိရတယ်။ ဘယ်နှဦးလဲ အတိအကျ မသိရသေးဘူး။ အခုတော့ ငြိမ်သွားပြီ” လို့ DVB ကို ပြောပါတယ်။
ဖားကန့်က တပ်မကုန်းကို အင်အား ၆၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်သွားပြီးနောက် မနေ့က မနက်ပိုင်းမှာ မှော်စီစာကျေးရွာက တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီဝင်းက ဘတ်ဖိုးယာဉ် ၃ စီးနဲ့ မြေစာသယ်ကား ၂ စီးကို မီးရှို့ဖျက်ဆီးတာတွေ လုပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီ ဝင်ရောက်မီးရှို့တဲ့ မှော်စီစာကျေးရွာက တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝင်းနဲ့ ဖားကန့်မြို့ဟာ နမ့်မဖြစ်တရွာပဲ ခြားတာလို့ သိရပါတယ်။
ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေထဲက အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ မှော်စီစာကျေးရွာက ဘုရားကုန်းဘုန်းကြီးကျောင်းမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။