
မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရဲ့ တနေရာမှာ စစ်အာဏာရှင်တပ်ရဲ့ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစင်းကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းအင်အားစုတွေက ပစ်ချနိုင်ခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway - PDF) က ဒီကနေ့ ဇွန် ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ရဟတ်ယာဉ် ပစ်ချခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေဘက်က ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိမှာ စစ်အာဏာရှင်တပ်ဘက်က လေကြောင်းရန် တုံ့ပြန်မှုတွေ ရှိလာနိုင်တဲ့အတွက် မိဘပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့လည်း Magway - PDF က တိုက်တွန်း နှိုးဆော်ထားပါတယ်။
စစ်အာဏာရှင်တပ်ဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။










