DVB Logo
Home
နိုင်ငံတကာ
“တိုက်မယ်ဆိုရင် သူရဲဘောမကြောင်ဘူး၊ အရေးကြုံရင် ရင်ဆိုင်ဖို့ အဆင်သင့်ပဲ” ထိုင်းဝန်ကြီးချုပ်
DVB
·
June 4, 2025
“တိုက်မယ်ဆိုရင် သူရဲဘောမကြောင်ဘူး၊ အရေးကြုံရင် ရင်ဆိုင်ဖို့ အဆင်သင့်ပဲ” ထိုင်းဝန်ကြီးချုပ်
Donate to DVB

ထိုင်း- ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုမှာ  အစိုးရ၊ အတိုက်အခံပါတီ၊ စစ်တပ်၊ သတင်းမီဒီယာ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေရော ပြည်သူတွေပါ မခွဲခြားဘဲ မိမိနိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် အားလုံး ချစ်ခင်စည်းလုံးဖို့ လိုအပ်ပြီလို့  ထိုင်းဝန်ကြီးချုပ်က   ဇွန် ၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်က “အခုဖြစ်နေတဲ့ နယ်စပ်အရေးဟာ ပြည်တွင်းနိုင်ငံရေး ပြဿနာလို  ငြင်းခုံနေရမှာ မဟုတ်ဘူး၊ နိုင်ငံခြားနဲ့သက်ဆိုင်တဲ့ပြဿနာ ဖြစ်တယ်။ မိမိနိုင်ငံ အချုပ်အခြာအာဏာကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရမယ့်အရေး ဖြစ်တယ်။ အစိုးရအနေနဲ့လည်း အစွမ်းကုန် ဆောင်ရွက်နေတယ်၊ အကောင်းဆုံးဖြေရှင်းသွားဖို့  အစိုးရနဲ့ စစ်တပ်ကြားမှာလည်း အစဉ်မပြတ် ဆွေးနွေးနေတယ်၊ ထိုင်းက ငြိမ်းချမ်းရေးကို လိုလားတယ်၊ တိုက်မယ်ဆိုရင်လည်း သူရဲဘောမကြောင်ဘူး။ အရေးကြုံရင် ရင်ဆိုင်ဖို့အဆင်သင့်ပဲ။ ဒါပေမဲ့ မလိုလားအပ်ဘဲ အသက် သွေး ချွေးတွေ မဆုံးရှုံးစေချင်ဘူ၊ ဒါကြောင့် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းတဲ့ လမ်းကြောင်းကို အရင်ရွေးပါတယ်”လို့ ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း ကာကွယ်ရေးဝန်ကြီးက  အဲဒီနယ်စပ်ကို ကွင်းဆင်းပြီး စစ်သည်နဲ့ ပြည်သူတွေကို သွားရောက်တွေ့ဆုံအားပေးဖို့ရှိပြီး ဇွန် ၁၄ ရက်မှာ JBC ပူးတွဲနယ်ခြားကော်မတီကတဆင့် ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အချုပ်အခြာ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေတာမှာ  သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့  ပြည်သူတရပ်လုံးရဲ့ ထောက်ခံအားပေးမှုကို လိုအပ်ပြီး မီဒီယာတွေ အနေနဲ့လည်း သတင်းမှန်တွေ ထုတ်ပြန်ပေးဖို့လိုအပ်ပြီး သတင်းမှားတွေ ရှောင်ကြဉ်ပါလို့  ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ 

ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်နဲ့  သူ့ဖခင် သက်ဆင်ရှင်နာဝပ်တို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်တယ်။ ဒီကိစ္စဟာ အခုဖြစ်နေတဲ့ ပြဿနာတွေပေါ် သက်ရောက်မှုရှိပါသလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဝန်ကြီးချုပ်က လူချင်းရင်းနှီးတာဟာ ပုဂ္ဂိုလ်ရေးသာဖြစ်ပြီး တိုင်းပြည်ရေးရာနဲ့ မဆိုင်ကြောင်း၊  “သင့်ကိုကျွန်ုပ်ခင်မင်တယ် သင့်တိုင်းပြည်ကို ပေးပါလားလို့  တောင်းလို့မရဘူး”လို့  ဝန်ကြီးချုပ်က ဖြေကြားပါတယ်။ 

ကာကွယ်ရေးဝန်ကြီးချုပ် နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်း ကလည်း “ဒီပြဿနာဟာ ထိရှ လွယ်တဲ့အတွက် စိတ်ခံစားမှုထက် စဉ်းစားဆင်ခြင်ပြီး ဖြေရှင်းရမှာ ဖြစ်တယ်။ တို့ဟာ အာဆီယံ မိသားစုဝင် အချင်းချင်းဖြစ်တယ်။ ပြဿနာကို ကမ္ဘာအဆင့်ထိ ကြီးထွားကျယ်ပြန့်သွားခြင်း မရှိအောင် ထိန်းသိမ်းဆောင်ရွက်နေတယ်။ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်း၊ သံတမန်နည်းလမ်းနဲ့ အရင် ဖြေရှင်းမယ်။ ဆွေးနွေးရာမှာ ၂၀၀၀ ပြည့်နှစ်က ချုပ်ဆိုခဲ့တဲ့ အမ်အိုယူစာချုပ်ကို စွဲကိုင်မှာ ဖြစ်တယ်။ တဖက်နိုင်ငံက စစ်သည်အင်အားဖြည့်နေတဲ့ပုံတွေ၊ ပဋိပက္ခကို သွေးထိုးလှုံ့ဆော်နေတဲ့ ပုံတွေဟာ AI နဲ့ လုပ်ထားတာတွေချည်းပဲ။ လူမှုကွန်ရက်မှာ ပြောဆိုနေတာတွေတော့ ပြောကြပါစေ၊ အဲဒါဟာ နိုင်ငံတကာဥပဒေနဲ့ မညီပါဘူး။ ဆွေးနွေးတာ မအောင်မြင်ရင်လည်း ရင်ဆိုင်ဖို့ အဆင်သင့်ရှိတယ်” လို့ ပြောပါတယ်။ 

ကမ္ဘောဒီးယား နိုင်ငံတော်အတိုင်ပင်ခံကော်မတီဥက္ကဋ္ဌ ဟွန်ဆင်ကတော့ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ဖြေရှင်းမယ်လို့ သူ့ကိုယ်ပိုင်လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားပါတယ်။ တရားရုံးမှာ ဖြေရှင်းမယ့်အချက်တွေဟာ အခု အငြင်းပွားနေတဲ့ ချောင့်ဘုတ်ကိစ္စတင်မကဘဲ မဟာဝိဟာရ်ဘုရား ကျောင်းကိစ္စ၊ ရေပိုင်နက်ကိစ္စတွေပါ ပါတယ်လို့ ဆိုပါတယ်။ 

မြေပြင်မှာလည်း ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ အငြင်းပွားနေတဲ့ ချောင့်ဘုတ်ဒေသမှာ လက်နက်အပြည့်အစုံနဲ့ အင်အားဖြည့်တင်းနေပြီး  မိုင်းဗုံးတွေ ထောင်ထားတဲ့ပုံတွေ ပျံ့နှံ့နေပါတယ်။ 

ဒါကြောင့် ထိုင်းရွာသားတွေအနေနဲ့  မလိုလားအပ်ဘဲ တောထဲ မှိုချိုး မျှစ်ချိုးသွားတာတွေ ရှောင်ကြည်ဖို့၊ နယ်မြေထဲ မျက်နှာစိမ်းတွေ ဝင်လာရင် တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ တိုင်းဒေသအမှတ် ၂ စစ်တပ်က သတိပေးထုတ်ပြန်ထားပါတယ်။ 

ဆူရင်းခရိုင် ဒေသခံတွေအပါအဝင် ထိုင်းနိုင်ငံသားအများစုကတော့ ကမ္ဘောဒီးယား နယ်စပ်တံခါး ပေါက်တွေ ပိတ်ပြီး ထိုင်းနိုင်ငံထဲ‌ရောက်နေတဲ့  ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားတွေ အကုန်ပြန်ပို့ဖို့ လိုလားနေကြပါတယ်။ 

အစိုးရကတော့ နယ်စပ်ကုန်သွယ်ရေးထိခိုက်မှာ၊ နယ်စပ်က နှစ်နိုင်ငံပြည်သူတွေ နေ့စဉ်ဘဝ လုပ် ကိုင်စားသောက်မှု ထိခိုက်မှာကို ငဲ့ကွက်ပြီး နယ်စပ်ပိတ်လို့မရ‌သေးကြောင်း ပြောထားပါတယ်။ 

လက်ရှိအငြင်းပွါးနေတဲ့ ဥဘွန်းရာ့ချ်ဌာနီခရိုင် နမ့်ယင်းမြို့နယ် ချောင့်ဘုတ်ဒေသမှာ  မေ ၂၈ ရက်မနက်က ပစ်ခတ်မှုဖြစ်ပွါးပြီး ကမ္ဘောဒီးယားတပ်သားတယောက် ကျဆုံးခဲ့ပါတယ်။

မေ ၃၀ မှာ နှစ်ဘက် ကြည်းတပ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးပြီး JBC၊  GBC ၊ RBC အစရှိ နယ်ခြားကော်မတီတွေနဲ့ ဆွေးနွေးဖို့ ၊ ဒီကြားထဲ ထိတွေ့မှုမဖြစ်အောင် နှစ်ဖက်တပ်တွေ မီတာ ၂၀၀ စီ နောက်ဆုတ်ထားဖို့ သဘောတူပေမဲ့ ကမ္ဘောဒီးယားအတိုင်ပင်ခံပုဂ္ဂိုလ် ဟွန်ဆန်က ဆုတ်မပေးနိုင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားသလို ချောင့်ဘုတ်အထိ စစ်သည်အင်အားတွေ တိုးမြှင့်ချထားလာတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။  

Source: Thai Post / Workpoint News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013