
ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍထဲက ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေနဲ့ အကောက်ခွန် မြင့်မားမှုကြောင့် ဆန်အကျပ်အတည်းဆိုက်ရတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ထိထိရောက်ရောက် ထုတ်လုပ်ဖို့ စိန်ခေါ်မှုတွေ၊ ကူးသန်းရောင်းဝယ်ရေး ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေချိန်မှာ လက်ရှိဖြစ်နေတဲ့ ဆန်အကျပ်အတည်းကြောင့် အကောက်ခွန်မူဝါဒ ပြောင်းဖို့ တောင်းဆိုမှုတွေ ပိုပြင်းထန်လာနေတယ်လို့ တိုကျိုအခြေစိုက် သုတေသီတယောက်က ပြောပါတယ်။
ဆန်ဈေးတွေ တဟုန်ထိုး ကျဆင်းစေဖို့ ဂျပန်အစိုးရဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း အစိုးရပိုင် အရန်ဆန်တွေကို ထုတ်ရောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နိုင်ငံတဝန်းက စူပါမတ်ကတ်ပေါင်း ၁,၀၀၀ လောက်မှာ ရောင်းတဲ့ ပျမ်းမျှဆန်ဈေးနှုန်းဟာ အခွန်အပါအဝင် ဆန် ၅ ကီလိုဂရမ်ကို ယန်း ၄,၂၆၀၊ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၇၆ လောက် ရှိနေလို့ အရင်အပတ်ကထက် ၂၅ ယန်း ကျဆင်းသွားတယ်လို့ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ဇွန် ၂ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ နောက်ဆုံးပေါက်ဈေးက မနှစ်က အလားတူကာလကထက် ၂ ဆလောက် မြင့်နေပါသေးတယ်။
ဆန်ဈေးကြီးမြင့်မှုနဲ့ ပြည်သူတွေအတွက် အဓိကစားနပ်ရိက္ခာတို့က ထင်ထင်ရှားရှား အရေးကြီးနေပေမဲ့ ဂျပန်အစိုးရက အသေးစား စပါးစိုက်တောင်သူတွေကို အကောက်ခွန်မြင့်မြင့်နဲ့ တင်းကျပ်တဲ့ ဖြန့်ဖြူးမှုစနစ်တွေအောက်မှာ အကာအကွယ်ပေးမယ့် အစီအမံတွေကို ပြောင်းဖို့ ငြင်းဆိုထားပါတယ်။
Source: Reuters