
မလုံခြုံမှုတွေ တိုးလာချိန်မှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ အဝင်အထွက်ကို တားမြစ်ဖို့ အိမ်နီးချင်း ၄ နိုင်ငံနဲ့ နယ်နိမိတ်မျဉ်းအားလုံးကို ခြံစည်းရိုး အပြည့်ကာရံထားဖို့ နိုင်ဂျီးရီးယား ကာကွယ်ရေးဦးစီးချုပ်က ဇွန် ၃ ရက်မှာ တောင်းဆိုပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ခရစ္စတိုဖာမူဆာက “နယ်စပ်စီမံခန့်ခွဲရေးက အလွန်အရေးကြီးတယ်”လို့ မြို့တော် အဘူဂျာမှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံမှာ ပြောပါတယ်။
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြားက ၈၃၉ မိုင်ရှည်တဲ့ ခြံစည်းရိုး၊ ဆော်ဒီအာရေဗျနဲ့ အီရတ်နိုင်ငံတို့ ပိုင်းခြားထားတဲ့ ကီလိုမီတာ ၁,၄၀၀ ရှည်တဲ့ ခြံစည်းရိုးတို့က အတားအဆီးအဖြစ် အောင်မြင်တဲ့ သာဓကတရပ်အဖြစ် သူက ကိုးကားပြောဆိုပါတယ်။
ဒါဟာ နိုင်ဂျီးရီးယား ထိပ်တန်းအရာရှိတယောက်က ဒီလိုအစီအမံကို လူသိရှင်ကြား အကြံပြုတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံအရှေ့မြောက်ဘက်မှာ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ် ဦးဆောင်တဲ့ ၁၆ နှစ်ကြာ သူပုန်ထမှုနဲ့ အနောက်အာဖရိက အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကနေ ကွဲထွက်လာတဲ့ အဖွဲ့တွေကြောင့် နိုင်ဂျီးရီးယားစစ်တပ်ဟာ စစ်ပန်းနေခဲ့တာပါ။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရပြီး လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
နိုင်ဂျာ၊ ကင်မရွန်း၊ ဘီနင်း၊ ချဒ်နိုင်ငံတို့နဲ့ နိုင်ဂျီးရီးယားဟာ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဆာဟဲဒေသတလျှောက် စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုတွေကလည်း အရှိန်မြှင့်နေပါတယ်။
Source: Reuters