
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာအနီးက တိုက်နယ်ဆေးရုံကို ဇွန် ၃ ရက် ညပိုင်း ၆ နာရီမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နမခ အထိုင်စခန်းကနေ စက်တပ်လေထီးယာဉ်နဲ့ လာရောက်ကြဲချသွားတာလို့ ရွာသားတယောက်က ပြောပါတယ်။
“ဆေးရုံနဲ့ ဆေးရုံအနီးကို ၂ လုံးကြဲပြီး ပြန်သွားတယ်။ ဗုံး ၂ လုံး ကြဲချရာမှာ တလုံးကတော့ ကွဲတယ်ဗျ။ နောက်တလုံးကတော့ မကွဲဘူး။ လူ ထိခိုက်သေဆုံးတာတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အရပ်သားတွေဆိုတော့ ကောင်းကင်ကနေ စစ်တပ် လေယာဉ်ပျံတွေ၊ စက်တပ်လေထီးတွေ၊ ဒရုန်းတွေ ပျံလာတာမြင်တိုင်း ကြောက်လန့်နေကြရတယ်။ သူတို့က PDF လား၊ အရပ်သားလား ဆိုတာကို မခွဲခြားဘဲ ပစ်ခတ်ဗုံးကြဲနေတာပဲ။”
မတောင့်တရွာမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားတာ မရှိသလို ပြည်သူ့ကာကွယ်ရေးတပ်တွေ စခန်းချတာလည်း မရှိဘဲနဲ့ အကြောင်းမဲ့ စစ်တပ်က တိုက်ခိုက်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ဆေးရုံက စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အဲဆေးရုံက ပိတ်ထားတာ ကြာပြီ။ ရွာသားတွေရော၊ ကျနော်တို့ ကာကွယ်ရေးတပ်တွေရော အဲလိုဆေးရုံကြီးတွေမှာ ဆေးကုသတာမျိုး မလုပ်ကြတာ့ဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း စတဲ့နေရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ တကြိမ်ကနေ နှစ်ကြိမ် ခံရတာဆိုတော့ ကျနော်တို့ဘက်ကလည်း သိလာတယ်။ အဲဒါကြောင့်မို့လည်း လူသေဆုံး ထိခိုက်တာမျိုး မရှိခဲ့တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဇွန် ၃ ရက် တရက်တည်းမှာတင် ကနီမြို့နယ်၊ နတ်လာဘို့တောင်ရွာအနီးက လျှော်ဖြူခြံနဲ့ ဘုတလင်မြို့နယ်၊ သဖန်းကျေးရွာတို့ကိုလည်း ဇွန် ၃ ရက် ညနေ ၆ နာရီခွဲမှာ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။