DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ အခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်း ‘စက်ဆုပ်ရွံရှာဖွယ်ကောင်း’ ဟု မတ်စ်ခ် ဝေဖန်
DVB
·
June 4, 2025
ထရမ့်ပ်၏ အခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်း ‘စက်ဆုပ်ရွံရှာဖွယ်ကောင်း’ ဟု မတ်စ်ခ် ဝေဖန်
Donate to DVB

ထရမ့်ပ်အစိုးရရဲ့ အခွန်နဲ့ အသုံးစရိတ် ဥပဒေကြမ်းဟာ “စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်” လို့ အီလွန်မတ်စ်ခ်က မှတ်ချက်ပေးခဲ့ပေမဲ့ ထရမ့်ပ်ကို တိုက်ရိုက်မဝေဖန်ဘဲ မဲပေးအတည်ပြုခဲ့တဲ့ အမတ်တွေကိုပဲ ရှုတ်ချခဲ့ပါတယ်။

ဒေါ်လာထရီလီယံ ချီပြီးတော့ အခွန်ကင်းလွတ်ခွင့်တွေနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုတွေ ပါဝင်တဲ့ ဘတ်ဂျက်နဲ့အတူ အမေရိကန်အစိုးရအတွက် နောက်ထပ်ငွေချေးခွင့်ပေးထားတဲ့ ဒီဥပဒေကြမ်းကို အောက်လွှတ်တော်က ပြီးခဲ့တဲ့လကတည်းက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

“ဒီဥပဒေကြမ်းကို မဲပေးခဲ့တဲ့သူတွေဟာ ရှက်ဖွယ်ရာပဲ” လို့ မတ်စ်ခ်က သူပိုင်တဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ DOGE လို့ ထင်ရှားတဲ့ အစိုးရအကျိုးထိရောက်မှုဌာနကို ဦးစီးခဲ့ပြီး ၁၂၉ ရက်အကြာ ပြီးခဲ့တဲ့အပတ်မှာ တာဝန်က အနားယူခဲ့ပါတယ်။

DOGE ဌာနဟာ အစိုးရလိုငွေပြမှု လျှော့ချဖို့ အသုံးစရိတ်တွေလျှော့ချရေး လုပ်ဆောင်ခဲ့တာ ဖြစ်တာကြောင့် အခုလို အခွန်တွေ အကြီးအကျယ်လျှော့ပြီး အသုံးစရိတ်တိုးမြှင့်တဲ့ ဥပဒေကြမ်းဟာ မတ်စ်ခ်လုပ်ခဲ့တဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်။

မတ်စ်ခ်ဟာ အနားမယူမီ တရက်အလိုမှာလည်း ဒီဥပဒေကြမ်းကို စိတ်ပျက်မိတယ်လို့ အင်တာဗျူးတခုမှာ ပြောကြားခဲ့ဖူးပြီး ဒါဟာ ထရမ့်ပ်နဲ့ လူသိရှင်ကြား သဘောကွဲလွဲတဲ့ ပထမဆုံးမှတ်ချက် ဖြစ်ခဲ့ပါတယ်။

ထရမ့်ပ်က “မတ်စ်ခ်ဟာ ကျုပ်တို့နဲ့အတူ အမြဲရှိနေမယ်၊ တောက်လျှောက်ကူညီသွားမှာ ဖြစ်တယ်” လို့ ပြောထားပါတယ်။

ထရမ့်ပ် ရည်ညွှန်းတဲ့ အသုံးအနှုန်းအတိုင်း (One Big Beautiful Bill Act - OBBBA) လို့ ခေါ်ဝေါ်တဲ့ ဥပဒေကြမ်းဟာ ၂၀၁၇ ခုနှစ် ထရမ့်ပ် ပထမသက်တမ်းတုန်းက ပြဋ္ဌာန်းခဲ့တဲ့ အခွန်လျှော့ချမှုနဲ့ အလုပ်အကိုင် အက်ဥပဒေပါ အဓိကပြဋ္ဌာန်းချက်တွေကို သက်တမ်းတိုးပေးတာလည်း ဖြစ်ပါတယ်။

ဒီဥပဒေကြောင့် ဘတ်ဂျက်လိုငွေပြမှု ထပ်တိုးနိုင်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်မှာ အသုံးစရိတ်နဲ့ ဝင်ငွေကွာဟချက်ဟာ ဒေါ်လာ ၆၀၀ ဘီလီယံအထိ ရှိမှာဖြစ်ပါတယ်။

မတ်စ်ခ်က “ ‘တရားလက်လွန်၊ ဝက်သားအစာသွပ်’ အသုံးစရိတ်တွေဟာ မူလကတည်းက ဧရာမ ဘတ်ဂျက်လိုငွေပြနေတာကို ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံအထိ အကြီးအကျယ် မြင့်တက်သွားစေမှာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေကို ရေရှည်တောင့်မခံနိုင်တဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်” လို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံရေးမှာ “ဝက်သားအစာသွပ် pork-filled” ဆိုတာဟာ အမတ်တွေက နာမည်ကောင်းရအောင် သူ့မဲဆန္ဒနယ်မှာ ပရောဂျက်တွေ အများကြီး ထည့်ပြီးရေးဆွဲတာကို ဆိုလိုတာဖြစ်ပါတယ်။

“နောက်နှစ် နိုဝင်ဘာကျရင် အမေရိကန်ပြည်သူတွေကို သစ္စဖောက်တဲ့ နိုင်ငံရေးသမားအားလုံးကို ကျုပ်တို့ ဖြုတ်ပစ်မယ်” လို့ပါ မတ်စ်ခ်က ရေးသားခဲ့ပါသေးတယ်။

ဒီဥပဒေကို ထောက်ခံသူ အားလုံးနီးပါးဟာ ထရမ့်ပ်ရဲ့ ရီပတ်ဘလီကန်ပါတီက ဖြစ်သလို မတ်စ်ခ် ကိုယ်တိုင်ကလည်း ပါတီရဲ့ အဓိက အလှူရှင်တယောက် ဖြစ်တဲ့အတွက် အခုမှတ်ချက်ဟာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလင်းလဲဗစ်ကတော့ “သမ္မတဟာ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး အီလွန်မတ်စ်ခ် ဘယ်လိုရပ်တည်တယ်ဆိုတာ သိရှိထားပြီးဖြစ်တယ်” လို့ တုံ့ပြန်ပါတယ်။

ဒီ One Big Beautiful Bill ကို ထရမ့်ပ်က ဆက်လက်ကိုင်စွဲသွားမှာဖြစ်တယ် လို့ပါ မှတ်ချက်ပေးခဲ့ပါတယ်။

အခုအခါမှာတော့ ရီပတ်ဘလီကန်တွေကပဲ လူများစုဖြစ်နေတဲ့ အထက်လွှတ်တော်မှာ ဒီဥပဒေကို ဆက်လက် မဲခွဲဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013