
သတင်းလွတ်လပ်ခွင့်၊ ကျင့်ဝတ်နဲ့အညီ VOA လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ရေးအတွက် USAGM တာဝန်ရှိသူတွေကို ဝန်ထမ်းတွေက အမှုသစ်နဲ့တရားထပ်စွဲလိုက်ပါတယ်။
VOA သတင်းသမားတွေက မိခင်အဖွဲ့အစည်း ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီUSAGM ရဲ့ အရင်အကြီးအကဲ ကယ်ရီလိခ်နဲ့ တာဝန်ရှိသူတွေကို ဒေသစံတော်ချိန် မတ် ၂၃ ရက်မှာ ထပ်ပြီး တရားစွဲလိုက်တာပါ။
၂၀၂၅ မတ်လနှောင်းပိုင်းကစပြီး သမ္မတထရမ့်ပ်ရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ခဲ့တဲ့ USAGM တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ဟာ လွှတ်တော်က VOA အတွက် ပြဋ္ဌာန်းထားတဲ့ သတင်းလွတ်လပ်ခွင့်၊ သတင်းတည်းဖြတ်မှုဆိုင်ရာ လွတ်လပ်ခွင့်၊ သတင်းကျင့်ဝတ်နဲ့အညီ ရပ်တည်ခွင့်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဝန်ထမ်းတွေက တရားစွဲလိုက်တာပါ။
VOA မြန်မာပိုင်းသတင်းတင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “VOA သတင်းသမားတွေဘက်က ထရမ့်ပ်အစိုးရကို တရားရုံးမှာ နောက်ထပ်အမှုတခု ထပ်ပြီးတော့ စွဲလိုက်ပါတယ်။ ဒါကတော့ လွှတ်တော်က VOA အတွက် ပြဋ္ဌာန်းထားတဲ့ သတင်းပိုင်းဆိုင်ရာ လွတ်လပ်ခွင့်၊ သတင်းတည်းဖြတ်မှုဆိုင်ရာမှာ လွတ်လပ်ခွင့်၊ သတင်းကျင့်ဝတ်နဲ့အညီ ရပ်တည်ခွင့်၊ နောက်တခု ဝါဒဖြန့်ချိရေးဌာန မဟုတ်ဘူးဆိုတဲ့ အချက်ကို ကာကွယ်ထားတာတွေကို လက်ရှိ USAGM အကြီးအကဲတွေက ချိုးဖောက်နေတဲ့စွဲချက်နဲ့ ကျမတို့ အမှုဖွင့်ထားတာဖြစ်တယ်။ လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့အခါမှာ ကျမတို့ သတင်းတင်ဆက်မှုတွေသည် အမေရိကန်လွှတ်တော်က ပြောထားတဲ့အတိုင်း ကျမတို့သည် မှန်ကန်တိကျပြီးတော့ လူအများစိတ်ချရတဲ့ သတင်းဌာန တခုအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ဖို့ နောက်ထပ်အမှုဖွင့်ပြီးတော့ ရင်ဆိုင်သွားဖို့ရှိတယ်။ သမ္မတထရမ့်ပ် ပြောသမျှကိုပဲ ထုတ်လွှင့်နေတဲ့ ဝါဒဖြန့်ချိရေးသတင်းဌာနအဖြစ် VOA ကို လက်ခံလို့မရဘူး ဆိုတဲ့အချက်က အဓိကဖြစ်ပါတယ်” လို့ ပြောပါတယ်။
မတ် ၂၃ ရက်ကစပြီး VOA ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ရမယ်လို့ ဝါရှင်တန်ဒီစီ၊ ဖက်ဒရယ်တရားသူကြီး ရွိက်စ်လန်းဘတ်သ်က မတ် ၁၇ ရက်မှာ အမိန့်စာ ထုတ်ပြန်ထားတာပါ။
ဒီအမိန့်နဲ့အညီ ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ကိစ္စကို ဆောင်ရွက်နေပြီဖြစ်ကြောင်း မတ် ၂၃ ရက်မှာ USAGM က ဝန်ထမ်းတွေဆီကို အသိပေး အကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။
ခြွင်းချက်အနေနဲ့ တပတ်ကို ဝန်ထမ်း ၇၀ နှုန်း လုပ်ငန်းခွင်ပြန်ဝင်ဖို့သာ USAGM ဘက်က ဆောင်ရွက်နိုင်ဦးမယ်ဆိုတဲ့ အဆိုပြုချက်ကိုတော့ လက်ခံကြောင်း တရားရုံးက မတ် ၂၀ ရက် ညပိုင်းမှာ အမိန့်စာ ထုတ်ပြန်ထားပါတယ်။
VOA မြန်မာပိုင်းသတင်းတင်ဆက်သူ ဒေါ်ခင်ဖြူထွေးက “VOA ရဲ့ ထုတ်လွှင့်ချက်တွေကို အမေရိကန်အစိုးရကပဲဖြစ်ဖြစ် နိုင်ငံရေးပါတီတခုခုကပဲဖြစ်ဖြစ် လာပြီးတော့ လွှမ်းမိုးလို့ မရပါဘူး။ ဒါကို တရားဝင်ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအစိုးရကကျတော့ ကျမတို့ VOA ရဲ့ သတင်းတင်ပြခွင့်နဲ့ သတင်းတည်းဖြတ်ထုတ်လွှင့်မှုတွေကို ဝင်ရောက်စွက်ဖက် ထိန်းချုပ်တာတွေ ရှိလာတဲ့အတွက် VOA ဝန်ထမ်းတွေက အစိုးရကို နောက်ထပ် အမှုဖွင့်ပြီးတော့ တရားစွဲလိုက်တာ ဖြစ်ပါတယ်။ VOA ကို အစိုးရအသံလွှင့်ဌာန တခုအဖြစ် ထိန်းချုပ်ဖို့ ကြိုးစားတာကို ဝန်ထမ်းတွေက ကန့်ကွက်တဲ့ တိုင်ကြားမှုအသစ်ပါ။ ဒီနေ့ ကျမတို့ တရားစွဲတဲ့ အမှုအရဆိုရင်တော့ VOA ရဲ့ လွတ်လပ်စွာ သတင်းတည်းဖြတ် တင်ပြခွင့်တွေကိုလည်း တရားရုံးမှာ စပြီးတိုင်ကြားလိုက်တာ ဖြစ်တဲ့အတွက်ကြောင့် အစိုးရဘက်က ဒီအပေါ်မှာ အလွန်အကျွံ ကန့်သတ်ထိန်းချုပ်လို့မရအောင် အခုတိုင်ကြားလိုက်တဲ့အမှုကနေပြီးတော့ တစုံတရာ ဟန့်တားမှု ဖြစ်လာဖို့အတွက်လည်း ကျမတို့ မျှော်လင့်တယ်။ အစိုးရကတော့ တရားရုံး ဆုံးဖြတ်ထားတဲ့အတိုင်း ကျမတို့ဝန်ထမ်းတွေကို လုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ကိစ္စကို စပြီးတော့ ဆောင်ရွက်နေပြီဖြစ်တယ် ဆိုတာကို အသိပေး အကြောင်းကြားတဲ့စာ ကျမတို့ကို ဒီကနေ့ပို့ပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ဘယ်နေ့မှာ အလုပ်ပြန်လာရမယ် ဆိုတာကိုတော့ တယောက်ချင်းစီရဲ့ Email တွေဆီကို ပို့ပြီးတော့ သူတို့ အသေးစိတ်ညွှန်ကြားမယ် ဆိုပြီးတော့လည်း ပြောထားပါတယ်” လို့ ပြောပါတယ်။
VOA ဝန်ထမ်းတွေဘက်က USAGM ကို စွဲဆိုထားတဲ့အမှု ၃ ခုအထိ ရှိလာတာဖြစ်ပြီး ပထမအမှုကတော့ ဝန်ထမ်းတွေကို လုပ်ငန်းခွင်ကနေ ရပ်နားခဲ့တာဟာ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ချိုးဖောက်တာဖြစ်ပြီး အလုပ်သမားဥပဒေကိုလည်း အစိုးရက ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဝန်ထမ်းတွေက စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
ဒုတိယအမှုကတော့ VOA ယန္တရားတခုလုံးကို ထရမ့်ပ်အစိုးရက ပိတ်သိမ်းတာဟာ ဥပဒေနဲ့ မညီတာကြောင့် တရားမဝင်ဘူးဆိုပြီး VOA ဒါရိုက်တာ အေဗရာမိုဝဇ်က စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
၂၀၂၅ မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ (USAGM) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံး ဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က လက်မှတ်ရေးထိုး ခဲ့တာပါ။
ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက်မှာ USAGM ထိပ်တန်းရာထူးနေရာတွေကို လူစားထိုးတာ၊ VOA ဝန်ထမ်းအများအပြားကို အလုပ်က ထုတ်ပယ်ကြောင်း စာပို့တာ၊ အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းတာ စတာတွေကို အစိုးရက ဆက်တိုက်လုပ်ခဲ့ပါတယ်။
သုတချမ်းသာ










