DVB Logo
Home
မြန်မာသတင်း
ကိုးကန့်နှင့် SSPP တပ်များ နှစ်ဖက်အင်အားဖြည့်တင်းပြီး စစ်ရေးတင်းမာနေ
DVB
·
June 4, 2025
ကိုးကန့်နှင့် SSPP တပ်များ နှစ်ဖက်အင်အားဖြည့်တင်းပြီး စစ်ရေးတင်းမာနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ကိုးကန့်တပ် (MNDAA) တို့ ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ နှစ်ဖက်တပ်တွေ အင်အားတွေတိုးပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁ ရက်က နားလိုင်ကျေးရွာ အနောက်ဘက် ရွာအထွက်လမ်းမှာ SSPP နဲ့ ကိုးကန့်တပ်တွေ ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ နှစ်ဖက်တပ်တွေ အင်အားတိုးထားပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေ ရောက်နေတယ်လို့ ဆိုပါတယ်။

ဟန်နားရွာခံတယောက်က “အခုကတော့ နှစ်ဖက်လုံး စစ်အင်အားဖြည့်တင်းနေပါတယ်။ ရှမ်းအဖွဲ့ကလည်း ဟင်းလွန့်ဘက်တကြောကို အင်အားဖြည့်တင်းနေတယ်။ ကိုးကန့်ဘက်ကလည်း ဟန်နားကနေ နားလိုင်အထိ ပြန်ဆုတ်သွားတယ်။ ဟန်နားနဲ့ နားလိုင်က ၃ မိုင်လောက်ဝေးတယ်။ အဲဒီမှာ ခံစစ်ပြင်ဆင်နေတယ်” လို့  DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့လကစပြီး SSPP နဲ့ ကိုးကန့်တပ်တွေ သီပေါမြို့နယ်ထဲက နမ့်မရွာမှာ နယ်မြေအငြင်းပွားရာကနေ နှစ်ဖက်တင်းမာနေတာဖြစ်ပြီး အခုလည်း လားရှိုးမြို့နယ် ဟန်နားရွာကနေ SSPP တပ်တွေကို ဆုတ်ခွာခိုင်းပြီး ကိုးကန့်တပ်တွေ တပ်စွဲနေတာကြောင့် SSPP တပ်တွေ ဟင်းလွန့်ရွာအထိကို ဆုတ်ခွာသွားတာလို့ ဆိုပါတယ်။

ဟင်းလွန့်ရွာဟာ ဟန်နားကျေးရွာအုပ်စုထဲမှာပါပေမဲ့ တောင်ပေါ်ရွာဖြစ်ပြီး ဟန်နားရွာကတော့ တောင်ခြေမှာ ရှိနေတာလို့ ဆိုပါတယ်။

ဟန်နားရွာခံတယောက်က “ရှမ်းအဖွဲ့က တောင်ပေါ်ကနေ အရပ်ဝတ်နဲ့ဆင်းပြီးတော့ ပစ္စည်းတွေ စားစရာတွေ ဆင်းဝယ်ရင် ကိုးကန့်တွေက မကြိုက်ဘူး။ မကြိုက်တော့ စကားအချေအတင် ဖြစ်ကြတာပေါ့။ ဖြစ်တော့ ပစ်ခတ်မှုဖြစ်တဲ့နေ့က ရှမ်းစစ်သား ၂၂ ယောက် ဟန်နားဂိတ်ကို ဖြတ်ပြီးတော့ နောင်မွန်ဘက်ကိုသွားဖို့ ဆင်းသွားကြတာ။ ကိုးကန့်ဘက်ကလည်း ရွာထဲကနေထွက်လာပြီးတော့ မေးမြန်းတာတွေ လုပ်တယ်” လို့ ပြောပါတယ်။

SSPP တပ်တွေကို MNDAA ဘက်က သူတို့ ထိန်းချုပ်ထားတဲ့ ဟန်နားဂိတ်ကို ဖြတ်သန်းခွင့်မပြုဘဲ တောလမ်းအတိုင်း သွားခိုင်းတာကို နောက်ကလိုက်လာတာကစပြီး နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်တာလို့ SSPP စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဟင်းလွန့်မှာရှိတဲ့ ကျနော်တို့ ဗိုလ်မှူးကို မေးမြန်းတော့ ပြန်လာခဲ့ဖို့မှာလို့ ပြန်လှည့်လာတာကို ဆက်လိုက်လာတာ။ အဲဒါနဲ့ ပစ်ခတ်မှုတွေ ဖြစ်ကုန်တာ။ ကိုးကန့်ဘက်က ၈ ယောက်သေသွားတယ်။ အဲဒါနဲ့ ကျနော်တို့တွေ တောင်ပေါ်တက်သွားပြီး ပြန်ဆင်းလာချိန် ကိုးကန့်ဘက်က ပြန်ပစ်တယ်။ အခုတော့ ပြန်ငြိမ်သွားပြီ” လို့ ပြောပါတယ်။

နောင်မွန်ရွာဟာ သီပေါနဲ့ လားရှိုးလမ်းမကြီးပေါ်မှာရှိတဲ့ ကျေးရွာအုပ်စုဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုတွေကြောင့် နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

MNDAA ဟာ တရုတ်ရဲ့ဖိအားပေးမှုကြောင့် လားရှိုးကနေ ဧပြီ ၂၁ ရက်မှာ ဆုတ်ခွါပေးလိုက်ရပြီးနောက် လားရှိုးမြို့အနီးဝန်းကျင်က ကျေးရွာတွေမှာ တပ်စွဲနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013