DVB Logo
Home
မြန်မာသတင်း
ဘတ်ဂျက်အခြေအနေကြောင့် မဲဆန္ဒနယ် ၉၀ ခန့်တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်မည်
DVB
·
June 4, 2025
ဘတ်ဂျက်အခြေအနေကြောင့် မဲဆန္ဒနယ် ၉၀ ခန့်တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်မည်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ကုန်ကျစရိတ်ကို  ၄ ပုံ ၁ ပုံသာ ခွင့်ပြုထားတဲ့အတွက် မြန်မာနိုင်ငံလုံးရဲ့ မဲဆန္ဒနယ် ၁၀၀ အောက်မှာပဲ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မယ်လို့ နိုင်ငံရေးပါတီတွေကပြောပါတယ်။

ဒီနှစ်အကုန်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အသုံးပြုဖို့အတွက် ကုန်ကျစရိတ်ကို မဲဆန္ဒနယ် ၃၃၀ အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကတင်ပြခဲ့ပေမယ့် စစ်ကောင်စီဘက်က ၄ ပုံ ၁ ပုံကို သာခွင့်ပြုထားတာကြောင့် မဲဆန္ဒနယ် ၉၀ ဝန်းကျင်လောက်သာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

အဲဒီကုန်ကျစရိတ်တွေက ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေအတွက် အီလက်ထရောနစ်နဲ့ မဲပေးဖို့အပြင် မဲရုံကုန်ကျစရိတ်တွေအတွက်တောင်းခံတာဖြစ်တယ်လို့ အဲဒီအကြောင်းကို သိရှိတဲ့ သူကနေတဆင့် ကြားသိခဲ့ရတာလို့  တိုင်းလိုင် ရှမ်းနီ အမျိုးသားများဖွံွ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်ထိ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ဥပဒေ နည်းဥပဒေတွေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကို  တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးသလို ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်အရေအတွက်ကို လည်း တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်တုန်းကတော့ တနိုင်ငံလုံး အနှံ့မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲကျင်းပလို့ရနိုင်မယ့် မဲဆန္ဒနယ်နယ် ၁၆၀ လောက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ လျာထားတဲ့အကြောင်းပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ တနိုင်ငံလုံးအဆင့်ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် ၁၀၀ ဝန်းကျင်အတွက်သာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ ရှာထားဖို့ ပြောဆိုထားတယ်လို့  မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ ဒီနှစ်အကုန်မှာကျင်းပမယ့်ရွေးကောက်ပွဲကို နိုင်သူအကုန်ယူစနစ်နဲ့ရော အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်နဲ့ပါ ပေါင်းစပ်ပြီးကျင်းပမယ်လို့ပြောဆိုထားပေမဲ့ ဘယ်လွှတ်တော်တွေကို ဘယ်စနစ်နဲ့ ကျင်းပမလဲဆိုတာကို တိတိကျကျ ပြောဆိုထားခြင်းမရှိပါဘူး။

ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့  ပါတီမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၄ ပါတီရှိပြီး မှတ်ပုံတင်ခွင့်ပြုဖို့ ထပ်မံလျှောက်ထားတဲ့နိုင်ငံရေးပါတီ ၂၇ ပါတီရှိပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ နိုင်ငံရေးအင်အားစုအားလုံးကတော့ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013