
ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၁) မှာ ဇွန် ၅ ရက် ကစတင် ကျောင်းအပ်လက်ခံပြီလို့ MNDAA ဘက်က ထုတ်ပြန်ပါတယ်။
အထူးဒေသ (၁) မြန်မာပညာရေးကော်မတီကနေ လားရှိုးဒေသက အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
MNDAA သတင်းအရင်းအမြစ်က “မူလတန်းကျောင်းသားတွေကိုတော့ အခမဲ့ လက်ခံမှာပါ။ အလယ်တန်းနဲ့ အထက်တန်းကိုတော့ မသိသေးဘူး” လို့ ပြောပါတယ်။
ကျောင်းအပ်လက်ခံမဲ့ကျောင်းတွေကတော့ လားရှိုး မြို့အနီး MNDAA ထိန်းချုပ်ထားတဲ့ဒေက မယ်ဟန်၊ ခေးနင်း၊ နောင်မွန်၊ မန်ဆန်ရေကျ၊ ခါးရှိ၊ မန်ပျဥ်၊ သံလွင်၊ နမ့်ပေါင်၊ နမ္မဗောဓ၊ လွယ်ငင်း၊ ဟိုယ၊ ရှန်ခိုက်၊ ခိုက်ရှန်၊ နောင်လိုင်၊ အီနိုင်း၊ ကုန်းညို့၊ နမ့်ဟူး၊ အောင်သစ္စာ၊ ဟိုပိတ်၊ နမ့်ကျန်စတဲ့ ကျောင်း ၂၀ ဖြစ်ပါတယ်။
ကျောင်းဖွင့်တဲ့ရက်ကတော့ မထုတ်ပြန်သေးဘဲ ကျောင်းအပ်ပဲ လက်ခံသေးတာလို့ MNDAA သတင်းအရင်းအမြစ်က ပြောပါတယ်။
MNDAA သတ်မှတ်ထားတဲ့ အထူးဒေသ (၁) ဆိုတာဟာ လားရှိုးမြို့ ၁၂ ရပ်ကွက်ကလွဲလို့ ပတ်ဝန်းကျင်က ကျေးရွာတွေ၊ သိန္နီခရိုင်နဲ့ ကွတ်ခိုင်ထဲက ဒေသတချို့ ပါဝင်တာဖြစ်ပါတယ်။
အခုပြန်ဖွင့်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းတွေဟာ သိန္နီခရိုင်ထဲကကျောင်းတွေ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ပညာသင်နှစ်က ထပ်တိုးဖွင့်လှစ်တဲ့ကျောင်းတွေဖြစ်တယ်လို့ သိရပါတယ်။
အခုဖွင့်လှစ်မယ့် စာသင်ကျောင်းတွေအတွက် CDM ဆရာ၊ ဆရာမတွေ လာရောက်လျှောက်ထားနိုင်တယ်လို့လည်း MNDAA ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ် ယူထားပါသေးတယ်။
လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာတော့ လားရှိုးမြို့တွင်းက ကျောင်းတွေကလွဲပြီး အခြေခံ ပညာကျောင်းတွေ ထပ်မံတိုးချဲ့ဖွင့်လှစ်မှာဖြစ်လို့ အခြေခံပညာကျောင်းတွေကနေ CDM လုပ်ထားသူတွေ၊ တက္ကသိုလ်တခုခုက ဘွဲ့ရရှိသူတွေနဲ့ CDM ပြုလုပ်ထားတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
MNDAA ဝန်ထမ်းတယောက်က “လက်ရှိမှာတော့ လျှောက်တဲ့ ဆရာမတွေကိုတော့ ခန့်အပ်နေပါတယ်။ ဘယ်နှဦး ခန့်ထားပြီလဲဆိုတာတော့ မသိရသေးဘူးဗျ”လို့ ပြောပါတယ်။
အထူးဒေသ (၁) ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစလို့ ကျောင်းနေအရွယ် ကလေးတွေအားလုံး ပညာသင်ယူနိုင်ဖို့ဆိုပြီး လားရှိုးမြို့တွင်းက ကျောင်းတွေ အပါအဝင် အခြေခံပညာကျောင်း ၂၂ ကျောင်း ဖွင့်လှစ်ခဲ့ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီကျောင်းတွေမှာ စစ်ကောင်စီကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမှာမဟုတ်ဘဲ စနစ်သစ်ဖြစ်တဲ့ KG+12 သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမှာဖြစ်ပြီးတော့ ဘယ်တိုင်းရင်းသားမဆို တက်ရောက် ပညာသင်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီကလည်း လားရှိုးမြို့ပေါ်က စာသင်ကျောင်းတွေ ပြန်ဖွင့်မှာမို့ မေ ၂၂ ရက်ကစပြီး ကျောင်းသား၊ ကျောင်းသူတွေကို စတင်လက်ခံနေတယ်လို့ သိရပါတယ်။
ကိုးကန့်တပ်တွေဟာ ဧပြီ ၂၁ ရက်မှာ တရုတ်ဖိအားကြောင့် လားရှိုးကနေ ပြန်လည် ဆုတ်ခွာလိုက်ရပြီးနောက် လားရှိုးမြို့အနီးက ကျေးရွာတွေကို ဆက်လက်ထိန်းချုပ်ပြီး အထူးဒေသ (၁) ထဲထည့်ထားတာ ဖြစ်ပါတယ်။