
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသမှာ မေ ၂၄ ရက်က စတင်ပြီး မေ ၃၁ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လေရှီးမြို့ပေါ်က နေအိမ် ၄ လုံး၊ အမိမီကျေးရွာက နေအိမ် တလုံး ပြိုကျခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်းနဲ့ လမ်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
၈ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အိမ်အောက်ခြေကို ရေတိုက်စားပြီး နေအိမ်ပျက်စီးမှု ရှိခဲ့ကာ မြေပြိုတာကြောင့် အဓိကလမ်း ၃ လမ်းနဲ့ လမ်းတွေ ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။
ဒေသခံတယောက်က “၁၀ စုနှစ် တခါပဲ ခုလို ဖြစ်တယ်လို့ လူကြီးတွေ ပြောကြတယ်။ ကျနော်တို့ မြင်တာ ဒီတခါ ဖြစ်တာ အကြီးမားဆုံးပဲ” လို့ပြောပါတယ်။
မိုးရွာတာကြောင့် နေအိမ်တွေနဲ့ လမ်းပေါ်ကို မြေပြိုပြီး သွားလာရေးခက်ခဲနေပြီး လမ်းပြုပြင်ဖို့အတွက်လည်း စက်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဆွမ္မရာ နယ်စပ်က လမ်း ၁၂ နေရာ မြေပြိုခဲ့ပြီး ချယ်ရာနယ်စပ်လမ်းလည်း ပျက်စီးနေတာကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ သွားလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။