
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကြောင်းထိုးဖို့ထွက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဇွန် ၂ ရက် မနက် ၅ နာရီဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတယောက် အပါအဝင် ၈ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တန့်ဆည်အခြေစိုက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဆီကနေ သိရပါတယ်။
PLA ပြန်ကြားရေးတာဝန်ခံက “အက်တောရွာမှာ အထိုင်ချနေတဲ့ကောင်တွေက သဲကုန်းရွာဘက်ကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေ လုမလို့ ထွက်လာတာကို ကြိုတင်သတင်းရလို့ လမ်းကနေစောင့်ပြီး တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ဘက်က နှစ်ပွင့်ဗိုလ် တယောက်နဲ့ နောက်ထပ် ၇ ရဲ့ အလောင်းတွေ တွေ့ခဲ့ရတာကတော့ မျက်မြင်ပါပဲ။ ကျနော်တို့လည်း အချိန်မရတာနဲ့ ရတဲ့လက်နက်ခဲယမ်းတွေပဲ ကောက်ပြီး ပြန်ဆုတ်လာကြတာ” လို့ ပြောပါတယ်။
အဲဒီ ကြားဖြတ်တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့အတူ တန့်ဆည်မြို့နယ် ပကဖ၊ တိုက်နယ် ၂ ပကဖနဲ့ ရေဦး ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘူးလို့လည်း ဆိုပါတယ်။
PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ညီညီက “တိုက်ပွဲဖြစ်ခဲ့တာက တန့်ဆည်မြို့ရဲ့ အရှေ့တောင်ဘက် ၇ မိုင်ကွာတဲ့နေရာမှာ ဖြစ်တာ။ သူတို့အထိုင်ချထားတဲ့ အက်တောရွာနဲ့ ဆိုရင်လည်း မိုင်ဝက်လောက်ပဲ ဝေးတာပေါ့ဗျာ။ တိုက်ပွဲက ဘာမှမကြာလိုက်ဘူး။ ၁၅ မိနစ်ဆိုတာ အလွန်ဆုံးပေါ့။ အဲ့လောက်ပဲ။ (--)တွေ အထိနာပြီးတော့ သူတို့အထိုင်စခန်းရှိတဲ့ အက်တောရွာဘက်က ပြန်ဆုတ်သွားကြတာ။ အက်တောရွာထဲမှာဆို သူတို့က လက်နက်ကြီးတွေ ဘာတွေတောင် ဆင်ထားကြတာ။ တိုက်ပွဲဖြစ်တဲ့နေရာကလည်း သူတို့အထိုင်စခန်းနဲ့နီးနေတော့ အမြန်ပြန်ဆုတ်လာခဲ့ကြတာ” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကာဘိုင်သေနတ် ၂ လက်၊ ကျည်ဆန်တချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မတွေ့ရှိရသေးသလို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေအပေါ် DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။