
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထိုင်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့တွေက အင်အားသုံးဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ PLA က ဒီကနေ့ ဇွန် ၂၂ ရက်မှာထုတ်ပြန်ပါတယ်။
ဇွန် ၂၁ ရက်ကစပြီး NUG လက်အောက်က မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က အင်အား ၅၀၀ လောက်နဲ့ PLA စခန်းကို ဝိုင်းဝန်းပိတ်ဆို့ပြီး ရဲဘော် ၂ ယောက်ကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ပြီး ဒီကနေ့မှာတော့ အင်အားသုံး စီးနင်းခဲ့တယ်လို့ PLA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီကနေ့ ဝင်ရောက်ဖမ်းဆီးချိန်မှာ ပြည်သူ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာ၊ အနီးနားရွာက အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့တဲ့အပြင်၊ PLA ရဲဘော်တယောက်ရဲ့ အစ်မဖြစ်သူကိုပါ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေဖမ်းဆီးမှုအပြီးမှာပဲ မြင်းခြံခရိုင်ကွပ်ကဲရေးတာဝန်ခံဘက်က PLA ဖမ်းဆီးထားတဲ့ ရန်သူ့သတင်းပေး ဆိုသူတွေနဲ့ ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့နဲ့ မြင်းခြံခရိုင်အတွင်းကနေ PLA တပ်ဖွဲ့တွေအားလုံး ထွက်ခွာပေးဖို့ အချက် ၂ ချက်ကိုပေးပို့ တောင်းဆိုလာတယ်လို့ဆိုပါတယ်။
PLA ဘက်ကတော့ ဖမ်းဆီးထားတဲ့ ရန်သူ့သတင်းပေး ၂ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ လွှဲပြောင်းပေးဖို့ စီစဉ်နေချိန်မှာ အခုလို NUG ဘက်က ခြိမ်းခြောက်အကျပ်ကိုင်လာတဲ့အတွက် လွှဲပြောင်းပေးမဲ့ အစီအစဉ် ကြန့်ကြာနေရတာလို့ တုံ့ပြန်ထားပါတယ်။
ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို တိုက်ခိုက်ဖို့ မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ တပ်ဖွဲ့တွေကို NUG ဘက်က အင်အားသုံး ဝင်ရောက်စီးနင်းပြီး မောင်းထုတ်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ လည်း PLA ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
PLA အနေနဲ့ တော်လှန်ရေးအချင်းချင်း စည်းလုံးညီညွတ်မှုကို ရှေးရှုပြီး ဆွေးနွေးညှိနှိုင်းဖို့သာ လိုလားတာကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို ရဲဘော်အချင်းချင်းအပေါ် ကျည်စဖောက် (ပစ်ခတ်) မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
PLA ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကို ထုတ်ပြန်တာ မတွေ့ရသေးသလို ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်း မရှိသေးပါဘူး။
Photo: PLA










